နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားကို နှောက်ယှက် ဖိအားပေးခဲ့သည့် ဟင်္သာတမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးရုံး ဒုဦးစီးမှူးဖြစ်သူ ဦးအောင်သူဖြိုးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အရေးယူမည် ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ကျင်းပတာကို ဟင်္သာတမြို့နယ်၊ ထွေအုပ်ဌာန ဒုဦးစီးမှူးက ဒီပွဲကိုပျက်စေချင်တဲ့ သဘောမျိုး ရည်ရွယ် လုပ်ဆောင်တယ် ဆိုတာ ကျနော်တို့ အဆင့်ဆင့် စုံစမ်းပြီးသွားပါပြီ။ ဒါကြောင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ပဲ သူ့ကိုဌာနတွင်း DE (ခုံရုံးအဖွဲ့) ဖွဲ့ပြီးတော့ စစ်မယ်။ သူ့ရဲ့အပြစ် အတိမ်အနက်ပေါ် မူတည်ပြီး အရေးယူသွားမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဟင်္သာတမြို့ခံများက ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက် မွေးနေ့ပွဲအဖြစ် ထမင်းကျွေးအလှူ ကျင်းပနေစဉ် ဟင်္သာတ အထွေထွေ အုပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှူး ဦးအောင်သူဖြိုးက မွေးနေ့ပွဲကို ခွင့်ပြုချက်မယူဘဲ ကျင်းပသည်ဟုဆိုကာ ရုံးစာရေးမကို ဆူပူကြိမ်းမောင်းခဲ့ရာ ဒေသခံများက သိရှိသွားပြီးနောက် မွေးနေ့ပွဲ ပျက်ခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတဒေသခံများက ပြောသည်။