အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်တွင် ထိုင်းဘုရင်ဟောင်း၏ အရိုးပြာအိုးဟု ယူဆရသည့် စေတီပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းသည် ဆက်လက်ဆောင်ရွက်သင့်၊ မသင့်အား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ စာတင်ထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဒီကိစ္စဟာ အစကတည်းက အစိုးရအချင်းချင်းချိတ်ဆက်ပြီး G to G (Government to Government) လုပ်ဖို့ ပြောထားပြီးသား။ ဒါကိုဆန့်ကျင်ပြီး ကိုယ့်သဘောနဲ့ကိုယ်ဆက်လုပ်နေတဲ့ကိစ္စကို ဘယ်လိုဆက် လုပ်သင့်သလဲဆိုပြီး တင်ပြထားတယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီက အကြောင်းပြန်တဲ့အပေါ် မူတည်ပြီး လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။
ဇွန်လ ၂၄ ရက် ညနေပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးတွင် အဆိုပါကိစ္စနှင့်ပတ်သတ်၍ မန္တလေးတိုင်း အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်က မီဒီယာများအား ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံ ယခုတပတ်အတွင်း တင်ပြထားကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။
မန္တလေးမြို့ အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်တွင် တူးဖော်ဆောင်ရွက်နေသည့် ထိုင်းဘုရင်ဟောင်း ဥဒုမ္ဗရ၏ အရိုးအိုးစေတီ ပြန်လည်ဖော်ထုတ်ခြင်းကိစ္စနှင့် ပတ်သတ်၍ မန္တလေးတိုင်းအစိုးရအဖွဲ့က
အတိအလင်း ကန့်ကွက်ကာ ဇွန်လ ၂၃ ရက်မှ စတင်ကာလုပ်ငန်းများအားလုံးရပ်ဆိုင်းခိုင်းလိုက်ပြီဖြစ်သည်။
ထိုင်းဘုရင့်ဂူဟောင်း တူးဖော်ခြင်းကို ၂၀၁၅ ခုနှစ်ကတည်းက ယခင်မန္တလေးတိုင်းဝန်ကြီးချုပ်က ဆိုင်းငံ့အဖြစ်ထားရှိခဲ့သော်လည်း စီမံကိန်းဆောင်ရွက်မှုများ ရပ်ဆိုင်းမသွားဘဲ ဆက်လက်ဆောင်ရွက်နေခြင်းသည် တည်ဆဲဥပဒေများအား ချိုးဖောက်နေခြင်းဖြစ်သည်ဟု ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေး)မှ ညွှန်ကြားရေးမှုးဦးညိုမြင့်ထွန်းကပြောသည်။
ယခင်က ၎င်းစီမံကိန်းသည် ထိုင်းဘုရင်ဟောင်းဥဒုမ္ဗရ၏ အရိုးအိုးဖြစ်သည့်အတွက် ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းအဖြစ် အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှစ၍ ထိုင်းဘုရင်၏ အရိုးပြာမဖြစ်နိုင်ကြောင်း
အငြင်းပွားမှုများ ရှိသောကြောင့် အရိုးအား DNA စစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း မန်းစည်ပင် ကော်မတီမှ သိရသည်။
လာမည့် ဇွန်လ ၂၆ ရက်တွင် အရိုးပြာအိုးအား ပြန်လည်ဌာပနာမည့် အခမ်းအနားပြုလုပ်ရန် ထိုင်းသာသနာ ပိုင်အဖွဲ့အစည်းများလည်း ဖိတ်ကြားထားပြီးဖြစ်ရာ မန္တလေးတိုင်းအစိုးရအဖွဲ့က ဆိုင်းငံ့ထားသည့် ယင်းလုပ်ငန်းသည် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သက်ဆိုင်ပြီး နိုင်ငံရေးအကျိုးသက်ရောက်မှုများရှိလာနိုင် သောကြောင့် အရေးတကြီးကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ထိုသို့စီမံကိန်းအား ချိတ်ပိတ်ရပ်ဆိုင်းလိုက်သည့်အပေါ် ထိုင်းဘုရင့်ဘဏ္ဍာတော်အဖွဲ့၏ ထောက်ပံ့ ကူညီမှုဖြင့် ထိုင်းဘုရင့်ဂူပြန်လည်ဖော်ထုတ်ရေးကိစ္စအား ဆောင်ရွက်နေသည့်အဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် တမ္မဝတီဦးဝင်းမောင်က ယခုလိုဖြေကြားသည်။
“အဲဒါကျနော်တို့အလုပ်မဟုတ်ဘူးဗျ၊ ဒါက ဆရာတော်ကြီးရဲ့အလုပ်ဆိုတော့ ငွေရေးကြေးရေးကော၊ ရှေ့ဆက်မဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ထိုင်းကပုဂ္ဂိုလ်တွေနဲ့ ပြောပါလိမ့်မယ်၊ ကျနော်က ဆရာတော်ကြီးရဲ့ ဗိသုကာပါ၊ ဆရာတော်ကြီးလုပ်တဲ့လုပ်ငန်းကို အောင်မြင်အောင် လက်တွေ့လုပ်ရတာ ဖြစ်တဲ့အတွက် လုပ်ငန်းပိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်လဲ မရှိသလိုပြောပိုင်ခွင့်လည်းမရှိပါဘူး” ဟု ဧရာဝတီသို့ ပြန်လည်ဖြေကြားခဲ့သည်။
သက္ကရာဇ် ၁၇၆၆ ပြည့်နှစ် အလောင်းဘုရားလက်ထက် မြန်မာတပ်များ ထိုင်းနိုင်ငံအာယုဒ္ဓယမြို့သို့ လာရောက်သိမ်းချိန် ရဟန်းဘောင်ဝင်နေသည့် ထိုင်းဘုရင်ဥဒုမ္ဗရအား မြန်မာသို့ ခေါ်ဆောင်ခဲ့ရာ အမရပူရမြို့အနီးက
စစ်ကိုင်းမြို့ ရွာထောင်ရွာတွင် သီတင်းသုံးနေထိုင်ခဲ့ကြောင်း သမိုင်းသုတေသန ဒေါက်တာတင်မောင်ကြည် က ၁၉၉၉ ခုနှစ်က သမိုင်းဆောင်းပါးအဖြစ်ရေးသားခဲ့သည်။