တအာင်းအမျိုးသမီးအဖွဲ့၏အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ ပိတ်ပင်ခံရ
This article has been converted from Zawgyi One to Unicode
တအာင်းအမျိုးသမီးအဖွဲ့က စစ်တမ်းကောက်ယူထားသည့် “ညှဉ်းပန်းနှိပ်စက်ရန်လေ့ကျင့်ထားသူများ အစီရင်ခံစာ” သည် မြန်မာ့တပ်မတော်နှင့် နိုင်ငံရေးနှင့် ပတ်သက်နေသည်ဆိုကာ ထိုအစီရင်ခံစာနှင့် ပတ်သက်သောသတင်းစာရှင်းလင်းပွဲကို မပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပိတ်ပင်တားဆီးခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၅ ရက် ရန်ကုန်မြို့၊ Orchid Hotel ၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ခွင့်မပြုသဖြင့် ဇွန် ၂၇ ရက် ရန်ကုန်မြို့ Excel Treasure Hotel တွင်ပြုလုပ်ရန် ထပ်မံစီစဉ်နေစဉ် ဇွန်လ၂၆ ရက် ညဉ့်နက်ချိန်မှ ပွဲခွင့်ပြုမိန့်ရှိမှသာ သတင်းစာရှင်းလင်းပွဲ လုပ်ခွင့်ပြုမည်ဟု ဟိုတယ်ကအကြောင်းကြားလာ သည့်အတွက် သတင်းစာရှင်းလင်းပွဲ ပျက်ရခြင်းဖြစ်သည်ဟု တအာင်းအမျိုးသမီးအဖွဲ့ အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိူဝ်းက ပြောသည်။
“ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများအစီရင်ခံစာ” သည် ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၆ ခုနှစ် မတ်လအထိ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို ကောက်ယူထားသည့် အစီရင်ခံစာတခု ဖြစ်ပြီး ယခုပိတ်ပင်တားမြစ်ခံရမှုနှင့် ပတ်သက်၍ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ယနေ့ (ဇွန် ၂၇ ရက်) တွင် သဘောထားကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။