ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တို့ ယနေ့ တွေ့ဆုံရာတွင် လက်တလော ဖြစ်ပွားနေသည့် 7 days မီဒီယာ တရားစွဲဆိုခံရမှုနှင့် မန္တလေးမြို့တွင် တရားစွဲဆို ထောင်ချခံထားရသည့် BBC သတင်းထောက် ကိုနေမျိုးလင်း အမှုအကြောင်းကို အဓိက ဆွေးနွေး တင်ပြ ခဲ့ကြောင်း စုံစမ်းသိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ ၁၃ ရက်ကြာမြင့်မည့် မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို အစီရင်ခံစာအတွက် လာ ရောက် လေ့လာနေခြင်းဖြစ်သည်။
ယနေ့ နံနက် ၈ နာရီက မစ္စယန်ဟီးလီသည် အင်းစိန်အကျဉ်းထောင်သို့ သွားရောက် လေ့လာခဲ့ပြီးနောက် နေ့လယ် ပိုင်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံးခန်းတွင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ၃၅ လမ်းအတွင်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးခန်းတွင် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင်များဖြင့် ဆက်လက် တွေ့ဆုံခဲ့သည်။
“ အဓိကကတော့ မန္တလေးက သတင်းထောက် အမှုနဲ့ လက်တလော တရားစွဲဆိုထားတယ်လို့ ကြားသိရတဲ့ 7 days အမှုကို ပြောဖြစ်တယ်။ သူ မေးတာက Press Council မှာ ဘာတွေ လုပ်နေလဲပေါ့။ လာရောက် တိုင်တန်းချက် ၁၈၀ ကျော်လောက်ကို ဖြေရှင်း ပေးတယ်။ နောက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ လွတ်လပ်ခွင့် က အပြည့်အ၀ မရသေးဘူး။ ကျနော်တို့ ကြိုးပမ်းနေတဲ့ အခြေအနေကို ကူညီပေးစေချင်တယ်လို့ ပြောကြား ခဲ့တယ်” ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၏ အတွင်းရေးမှူး ဦးသီဟစော က ဆိုသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေနှင့် ၎င်းတို့ ကောင်စီထံသို့ လာရောက်တိုင်ကြားသည့် အမှုများကိုသာ ဖြေရှင်းလို့ရမှာ ဖြစ်ပြီး လက်ရှိ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ရှိ BBC သတင်းထောက် ကိုနေမျိုးလင်းအမှုနှင့် လတ်တ လော ဖြစ်သွားနေသည့် 7 days တရားစွဲဆိုခံထားရမှုသည် ၎င်းတို့ထံသို့ တိုင်ကြားခြင်း မရှိဘဲ မီဒီယာသမား များကို တိုက်ရိုက် တရားစွဲဆိုသည့် အမှုများ ဖြစ်သည်ဟု ဦးသီဟစောက ပြောသည်။
“ မြန်မာနိုင်ငံ သတင်းမီဒီယာ ဥပဒေပြဌာန်းကတည်းကိုက လာရောက်တိုင်ကြားရမည်လို့ ကျနော်တို့ ရေးထား တာကို ပြန်ကြားရေးက လာရောက်တိုင်ကြားနိုင်တယ်ဆိုပြီးအဲဒီအချက်ကို ပြောင်းလဲခဲ့တယ်။ အဲဒီလို တိုင်ကြား နိုင်တယ်လို့ ဖြစ်သွားကတည်းကိုက ကျနော်တို့ကို တိုင်ကြားချင် တိုင်ကြားမယ်၊ မတိုင်ကြားချင် မတိုင်ကြားဘူး ဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်။ သူတို့ မကျေနပ်တော့ တိုက်ရိုက် တရားစွဲဆိုတာတွေ လုပ်လို့ ရသွားတယ်။ ဒီအချက်ကလည်း အခု အစိုးရသစ် လက်ထက်မှာ ပြန်လည်ပြင်ဆင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ” ဟု ဦးသီဟစောက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က သူရဦးရွှေမန်း၏ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၁)၊ ၄၇ နှစ် မြောက် ကျောင်းဆင်းပွဲ နှစ် ပတ်လည် အထိမ်းအမှတ် မေတ္တာ မွန်စာလွှာသတင်းကို ဖော်ပြခဲ့သည့် 7 Day Daily မှ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နှင့် သတင်းထောက် မင်းဟိန်းကျော် တပ်မတော်က ပုဒ်မ ၁၃၁ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့တွင် ရောက်ရှိလာကာ ဇူလိုင် ၁ ရက်နေ့အထိ မြန်မာနိုင်ငံ တွင် နေထိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေ လေ့လာ တွေ့ရှိ ချက် များကို ဇူလိုင်လ ၁ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။