ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၌ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းများပြိုကျနေပြီး၊ ထိုကျေးရွာရှိ အိမ်ခြေ ၅၀၀ ခန့်သည် မြစ်ကမ်းပြိုကျမည့် အန္တရာယ်ကြုံတွေ့နေရကြောင်း သိရသည်။
အိုင်သပြုကျေးရွာ ကမ်းနားလမ်းတွင် နေထိုင်သည့် ကိုခင်မောင်လွင်က “ကျနော့်အိမ်နဲ့ ကမ်းပြိုတဲ့နေရာနဲ့ နဂိုတုန်းကပေ ၇၀ လောက်ဝေးရာက အခုဆိုပေ ၃၀ လောက်ပဲ ဝေးတော့တယ်။ ဒီကမ်းကို ပြုပြင်မှု မလုပ်ဘူးဆိုရင် ဆက်ပြီးတော့ ပြိုနိုင်တယ်။ ဒီပုံအတိုင်း ဆက်ပြိုရင် ကျနော်တို့ရွာ အိမ်ခြေ ၁၅၀၀ ရှိတဲ့အထဲ ၅၀၀ လောက်က ကမ်းပြိုတဲ့အထဲ ပါသွားနိုင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ကမ်းပြိုကျမှုကြောင့် နေစရာအခက်အခဲ ဖြစ်နေသူများကို အိုင်သပြုကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများက မိသားစု ၁ စုလျှင် အလျားပေ ၄၀၊ အနံပေ ၆၀ ရှိသည့် မြေကွက် ၁ ကွက်စီ နေရာချ အပိုင်ပေးထားကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ငဝန်မြစ်ကမ်းပါးကမ်းပြိုကျမှုတွင် ပါဝင်သွားသည့် နေအိမ် ၅၂ လုံးကို ဒေသဆိုင်ရာ တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။