ရုရှားတိုက်လေယာဉ်အား ပစ်ချမှုနှင့် ပတ်သက်၍ လျော်ကြေးပေးရန် အသင့်ရှိကြောင်း တူရကီဝန် ကြီးချုပ် Binali Yildirim က ကမ်းလှမ်းလိုက်တယ်လို့ ရုရှားသတင်းမှာဖော်ပြထားပါတယ်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး တူရကီ သမ္မတ အာဒိုဂန်ကလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ မနေ့က စာတစောင်ပေးပို့ကာ တောင်း ပန်ခဲ့ပြီး၊ တူရကီအနေဖြင့် ရုရှားနှင့် ဖြစ်ပွားသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ဖြေရှင်းရန် လိုလားနေကြောင်း၊ ရုရှား လေယာဉ်အား ပစ်ချမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း၊ သူတို့အနေနဲ့ လျော်ကြေးအနေနဲ့ ပေးသွားမှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံမှန်ဖြစ်ဖို့ လိုလားကြောင်း ပါရှိတယ်လို့ ဆိုပါတယ်၊ ဒါအပြင်အသတ်ခံရသည့် လေယာဉ်မှူး၏ မိသားစုကိုလည်း ဝမ်းနည်းကြောင်း ပေးပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ဆီးရီးယားမှာ IS တွေကို တိုက်ခိုက်နေတဲ့ ရုရှား လေတပ် ဆူခွိုင်း Su -24 အမျိုးအစား ဗုံးကြဲ လေယာဉ်တစီး တူရကီနယ်စပ်မှာ ပစ်ချခံရပြီး၊ လေထီးနဲ့ ခုန်ဆင်းသွားတဲ့ လေယာဉ်မှူး ၂ဦးအနက် တဦးကို တူရကီထောက်ခံတဲ့ လက်နက်ကိုင်တွေရဲ့ ပစ်သတ်မှုခံရပြီး၊ တဦးကိုတော့ ရုရှား- ဆီးရီးယား တပ်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာကာ ရုရှားက တူရကီကို ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး မှာ ပိတ်ဆို့လိုက်ပါတယ်။