ဒါကာမြို့ကစားသောက်ဆိုင် ကွန်မန်ဒိုများဝင်ရောက်စီးနင်း၊ အကြမ်းဖက်သမား ၆ဦးသေ
This article has been converted from Zawgyi One to Unicode
ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာမှ အကြမ်းဖက်သားများ စီးနင်းထားသည့် စားသောက်ဆိုင်ကို ကွန်မန်ဒိုတပ်များက ဝင်ရောက်တိုက်ရာ တိုက်ခိုက်ရေးသမား ၆ ဦးသေဆုံးသွားပြီး၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံရသူ ၁၃ဦးလည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ယမန်နေ့ညပိုင်း ၉နာရီကျော်က ဒါကာမြို့ သံတမန်ရပ်ကွက်ရှိ စားသောက်ဆိုင်တဆိုင်ကို IS အဖွဲ့ဝင် အကြမ်းဖက်သမားက ဝင်ရောက်စီးနင်းရာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၂ဦး သေဆုံးခဲသလို၊ လူပေါင်း ၃၅ဦးခန့်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
လွတ်မြောက်လာသူ ဓားစာခံ ၁၃ဦးမှာ ဒဏ်ရာရထားတဲ့ ဂျပန်နိုင်ငံသား တဦးအပါအဝင်၊ သီရိလင်္ကာ လူမျိုး ၂ဦးလည်းပါဝင်ပြီး၊ ရှင်းလင်းရာမှာ ဓားစာခံတွေလည်း ဒဏ်ရာရမှုရှိခဲ့ပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ကွန်မန်ဒို အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် Tuhin Mohammad Masud က “ကျနော်တို့ အဓိက အဆောက်အဦးကိုရှင်းလင်းရာမှာ အကြမ်းဖက်သမား ၆ဦးကို ပစ်သတ် လိုက်နိုင် တယ်၊ စစ်ဆင်ရေးကတော့ ဆက်လက်နေတုန်းပဲ” လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအစီအစဉ်ကို ဒီကနေ့ မနက် ၇နာရီ ၄၀မိနစ်မှာ စတင်ခဲ့ပြီး၊ ဒေသတွင်း ရုပ်မြင်သံကြား ဌာနကတော့ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ဆူညံနေတယ်လို့ ဆိုလိုက်ပြီး၊ အတည်မပြုနိုင်သေးတဲ့ သတင်းအရ အာဂျင်တီးနားတဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဦးကိုလည်း ယနေ့ နံနက်ပိုင်းက လွတ်မြောက်လာ တယ်လို့ ဆိုပါတယ်။
IS အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ ပြောကြားထားပါတယ်။