ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်က နာမည်ကျော်Tiger Temple (ကျားကျောင်း)မှ ပြောင်းရွေ့ယူဆောင်ခဲ့တဲ့ ကျား ၁၄၇ ကောင်အနက် ကျား ၁ကောင်ဟာ သေဆုံးသွားပြီး၊ တချို့သော ကျားတွေဟာ နေရာသစ်မှာ အစားအသောက် အနေထိုင်နေသားကျအောင် ရုန်းကန်နေရတယ်လို့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး ဌာနကို ကိုးကားပြီး Bangkok Post သတင်းမှာဖော်ပြပါတယ်။
မနေ့က အမျိုးသားဥယျာဉ် သစ်ပင်နှင့် တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ အရာရှိများနဲ့ တိရိစ္ဆာန်ဆေးကု သရေး ဆရာဝန်များပါဝင်တဲ့အဖွဲ့ဟာ ရာချဘူရီခရိုင်ရှိ Khaozon နဲ့ Khao Prathap Chang ရှိ ကျား ထိန်းသိမ်းရေး စခန်းတွေကို သွားရောက်ခဲ့ရာ ကျားတွေဟာ စိတ်ဆိုးစိတ်တိုနေပြီး၊ မာန်ဖီ နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
တိရိစ္ဆာန်ဆရာဝန် Nachamon Parnphetက ကျားတကောင်ဟာ အသက်ရှုရတာ ခက်ခဲနေပြီး၊ နေကောင်းဖြစ်နေတဲ့အတွက် အစောင့်တွေဟာ အနီးကပ်စောင့်ကြည့်နေရပြီး၊ ကျွေးမွေးနေတဲ့ အစား အသောက်တွေနဲ့ ယဉ်ပါးအောင် ကြိုးစားနေရတယ်လို့ ဆိုလိုက်ပြီး၊ ကျားထိန်းတွေဟာ အသက် ၃နှစ် ၈နှစ်အထိရှိတဲ့ ကျားတွေကို ဗီတာမင်ကျွေးကာ သူတို့ရဲ့ စိတ်တို နေတာတွေကို လျော့ပါးအောင်လုပ်နေရတယ်လို့ သိရပါတယ်။
အမျိုးသားဥယျာဉ် သစ်ပင်နှင့် တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Adisorn Noochdumrong က ယေဘူယျတော့ ကျားတွေဟာ နေရာသစ်၊ အစားအစာနဲ့ ကျားထိန်း အသစ်တွေနဲ့ ယဉ်ပါးလာပြီလို့ ဆိုနိုင်ပေမယ့်၊ တချို့ကျားတွေဟာ စိတ်ပင်ပန်းမှုတွေ ရှိနေသလို၊ အနီးကပ် စောင့်ကြပ်မှုလည်း လိုအပ်နေပါတယ်လို့ ဆိုပါတယ်။
၆နှစ်သား ကျားတကောင်ကတော့ အစားကြောင့် အစာအိမ် အူလမ်းကြောင်း ပိုးဝင်ပြီးသေဆုံးသွားခဲ့ တာဖြစ်ပြီး၊လတ်တလော ကျားတွေကို ပြောင်းရွေ့ဖို့ အစီအစဉ်မရှိသလို၊ ဒေသခံကျားတွေမဟုတ်တဲ့ အတွက် တောထဲကိုလည်း သွားပြီး လွှတ်ပစ်ဖို့ အစီအစဉ်လည်း မရှိပါဘူး၊ အမျိုးသားဥယျာဉ် သစ်ပင်နှင့် တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနဟာ ကျားထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ငွေကြေး ချပေးဖို့ ခွင့်ပြုချက်တောင်းထားပြီး တိရိစ္ဆာန်ရုံတွေ အနေနဲ့ ကျားတွေနဲ့ ပတ်သက်လို့ စုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။
ဒီကျားတွေကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှ စတင်ကာ iger Temple (ကျားကျောင်း) လို့ လူသိများတဲ့ Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းကနေ ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။