အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့မှ အစ္စရေးနိုင်ငံ တဲလ်ဗီးမြို့သို့ ပျံသန်းလာသည့် El Al လေကြောင်းလိုင်းမှ ဘိုးရင်း 747ခရီးသည်တင်လေယာဉ် LY 002 သည် ဆွစ်ဇာလန်ဝေဟင်ပိုင်နက် သို့ အရောက် လေယာဉ်ပေါ်၌ ဗုံးပါရှိတယ်လို့ သတင်းပေးမှုကြောင့် ဗုံးလန့်မှု ဖြစ်ပွားခဲ့ရာ ဆွစ်ဇာလန် လေတပ်မှ F/A-18 တိုက်လေယာဉ် ၂စင်းက လိုက်ပါစောင့်ရှောက်ပေးခဲ့ရကြောင်း၊ ယင်း ခရီးသည်တင် လေယာဉ်ဟာ တယ်လ်ဗီးမြို့ ဘင်ဂူရီယန်းလေဆိပ်သို့ နေ့လည် ၁၂နာရီ ၄၄မိနစ်တွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း အစ္စရေးရေဒီယိုသတင်းက ဖော်ပြပါတယ်။
အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနပြောဆိုချက်အရ အမည်မဖော်သည့် လူတဦးက လေယာဉ်ပေါ်ရှိ မီးဖိုချောင်အဖြစ် သုံးသည့် အခန်းငယ်မှာ ဗုံးပါရှိကြောင်း အမေရိကန်လေကြောင်းအာဏာပိုင်များထံ ပြောကြားခဲ့ပြီးနောက်၊ အမေရိကန်တို့က ဆွစ်ဇာလန်အာဏာပိုင်တို့ထံ ဆက်သွယ်၍ ဂျက်တိုက် လေယာဉ် ၂စင်းဖြင့် စောင့်ရှောက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
လေကြောင်းလိုင်း El Al ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်မှာ မည်သည့်ပေါက်ကွဲစေတတ်သည့် ပစ္စည်းများမပါဝင်ကြောင်း သိရပါတယ်။