ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယား လမ်းမအနီး ယနေ့နံနက် ၆ နာရီခန့်က တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏တပ်ရင်း (၆) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုနှင့် ပတ်သက်ပြီး KIA တပ်ရင်း( ၆)၏ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်းက “မနက် ၆ နာရီခွဲကစဖြစ်တာ ၂ နာရီ လောက် ကြာတယ်။ ကျနော်တို့ ကားလမ်းဖြတ်အကူးမှာ တပ်မတော် စစ်ကြောင်းနဲ့ တွေ့ပြီး မထင်မှတ်ဘဲ တိုက်ပွဲဖြစ်တာ ပါ”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိအချိန်၌ ပစ်ခတ်မှုရပ်စဲပြီဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နမ့်ယားလမ်းမသည် မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့သွားရာလမ်းရှိ ခရီးသည်များ ထမင်းစားနား သည့် နေရာ ဖြစ်သည်။