အမေရိကန်အခြေစိုက် Travel + Leisure မဂ္ဂဇင်းကြီးက ၂၀၁၆ခုနှစ် ကမ္ဘာ့အကောင်းဆုံး မြို့ကြီး ၁၅မြို့ကို ရွေးချယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်တို့လည်း ပါဝင်ကြောင်း Bangkok Post သတင်းက ဆိုပါ တယ်။ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့ဟာ ရမှတ် ၉၁.၂၅ နဲ့ ဒုတိယနေရာရခဲ့ပြီး၊ဘန်ကောက်မြို့က ရမှတ် ၈၈.၉၆ နဲ့ အမှတ် ၁၄ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီနှစ် အသစ်ရွေးချယ်ခံရတဲ့ အရှေ့တောင်အာရှက မြို့တမြို့ကတော့ လာအိုနိုင်ငံ လွမ်ဖရာဘန် ရှေးဟောင်းမြို့ ဖြစ်ပြီး နံပါတ် ၅နေရာက အရွေးချယ်ခံခဲ့ရတာပါ၊ မနှစ်က တတိယရခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တော့ ဒီနှစ်မှာ ၁၃အထိကျသွားခဲ့ပါတယ်။
အခြားရွေးချယ်ခံမြို့တွေကတော့ အီတလီနိုင်ငံ ရောမမြို့က အဆင့် ၁၁၊ ဖီအိုရင့်မြို့ကတော့ အဆင့် ၄၊ တောင်အာဖရိကနိုင်ငံက ကိတ်ပ်တောင်းမြို့က အဆင့်၁၀၊ စပိန်နိုင်ငံ ဘာစီလိုနာက အဆင့် ၈၊ မက္ကဆီကိုနိုင်ငံ ဆန်မီဂွယ် ဒီ အလန်ဒီးကတော့ တတိယနေရာရှိခဲ့ပါတယ်။
ဒီရွေးချယ်မှုဟာ Travel + Leisure ရဲ့ စာဖတ်ပရိတ်သတ်က အဲဒီမြို့တွေရဲ့ ရှု့ခင်းနဲ့ သမိုင်းမှတ်တိုင်၊ ယဉ်ကျေးမှု၊ အစားအစာ၊ ဒေသခံတွေရဲ့ ဖော်ရွေပြူငှာမှု၊ ဈေးနှုန်းချိုသာမှုနဲ့ တခြားသော တန်ဖိုးတွေကို ထည့်သွင်းတွက်ချက်ရွေးချယ်တာဖြစ်ပါတယ်။ ချင်းမိုင်မြို့ကို ရွေးချယ်တာကတော့ မြို့ကြီးတမြို့တော့ ဖြစ်ချင်မှ ဖြစ်ပေမယ့်၊ မြို့ရဲ့ စီမံခန့်ခွဲမှု အပိုင်းမှာ နိုင်နင်းသလို၊ လမ်းပန်းဆက်သွယ် ရေးကောင်း တယ်၊လူစည်ကားတဲ့ မြို့လည်မှာ စားသောက်ဆိုင်တွေ၊ ဈေးတွေရှိသလို၊ အေးချမ်းတဲ့ အပန်းဖြေတည်းခိုရာနေရာတွေလည်း ရှိတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ချင်းမိုင်မြို့ဟာ တခြားသော အာရှမြို့တွေဖြစ်တဲ့ လွမ်ဖရာဘန်၊ ကျိုတို၊ ဆီယမ်ရိ၊ ဘန်ကောက်၊ ဟနွိုင်း၊ ဘာလီ၊ တိုကျို၊ တိဘက်လာဆာတို့နဲ့အတူ အာရှ ထိပ်တန်း ၁၀မြို့မှာ ပါဝင်ပါတယ်။