တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ သူရဲ့ ရေပိုင်နက်တောင်းဆိုနေတဲ့အပေါ် နယ်သာလန်အခြေစိုက် အပြည်ပြည် ဆိုင်ရာ တရားရုံးက တောင်းဆိုခွင့်မရှိဘူးလို့ ယနေ့ ပယ်ချလိုက်ပါတယ်၊ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ချက်ခြင်းတုံ့ပြန် ပြောဆိုသွားပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးက တရုတ်ရဲ့ တောင်းဆိုချက်ဟာ ဥပဒေကြောင်းအရ အခြေအမြစ်မရှိသလို၊ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဥပဒေကို ဆန့်ကျင်တယ်လို့ ဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်မှာရှိတဲ့ အရေးပါတဲ့ လမ်းကြောင်းနေရာတွေကို သူပိုင်တယ်လို့ အစဉ် တစိုက် တောင်းဆိုနေတာဖြစ်ပြီး၊ တချို့နေရာတွေဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်နိုင် ငံတွေရဲ့ ရေပြင်ပိုင်နက်တွေနဲ့ ပတ်သက်နေပါတယ်။
တရုတ်ရဲ့ တောင်းဆိုမှုကို နိုင်ငံတကာတရားရုံးပယ်ချတာနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ခြားရေး ဝန်ကြီးဌာန အတွင်းဝန် Perfecto Yasay ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်မှု၊ ရေပြင်ပိုင်နက် အထူးစီးပွားရေး ဇုန်ကို ချိုးဖောက်နေပြီး၊ ဖိလစ်သင်္ဘောတွေ သွားလာမှုမှာလည်း အန္တရာယ်ဖြစ်လာနိုင်တယ်လို့ အပြည်ပြည် ဆိုင်ရာ တရားရုံးက ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ ပိုမိုတိုးပွားလာဖွယ်ရှိတယ်လို့ လေ့လာသူတွေ က ဆိုပါတယ်။