ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ခေါင်၌ ယမန်နေ့လည်ပိုင်း ၃ နာရီခန့်က အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
“လေးချက် ပစ်ခံရတယ်။ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်။ လက်ရှိအနေအထားအရ ပစ်သတ်ခံရတဲ့သူက အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးတခုခုကြောင့် ပစ်ခံရတယ်လို့ သုံးသပ်ပါတယ်။ တရားခံကို စုံစမ်းဖော်ထုတ်ဆဲပါ” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးဆန်းလွင်က ဧရာဝတီကို ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နေလည်ပိုင်း ၃ နာရီခွဲခန့်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်( SNDP) ပါတီက ဦးစီးကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများ ဂုဏ်ပြုပွဲသို့ သွားရောက်နေသည့် သမီးကိုသွားကြိုရန် ကားပေါ်သို့တက်နေစဉ် လက်နက်ကိုင် လူ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဒုရဲမှူးဆန်းလွင်က ဆိုသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့်သူသည် အသက် ၅၂ အရွယ်ရှိကြောင်းနှင့် ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသူတဦး၏ ဖခင်ဖြစ်ကြောင်းနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ဝန်းရံထောက်ခံအားပေးသူတဦးဖြစ်သည်ဟု နမ့်ခမ်းမြို့ SNLD ပါတီဝင် စိုင်းရီပုက ပြောသည်။
ထိုဒေသသည် ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်၊ ပလောင် (တအောင်း) လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ လှုပ်ရှားနေသည့် ဒေသဖြစ်သည်။