ပြင်သစ်နိုင်ငံ နိစ်မြို့၌ လူပေါင်း ၈၀ကျော်သေဆုံးပြီး၊ ၁၂၀ ကျော် ဒဏ်ရာရရှိအောင် ထရပ်ကားဖြင့် တိုက်ခိုက်ခဲ့သူမှာ ၃၁နှစ်အရွယ်ရှိ တူနီးရှားနိုင်ငံတွင် မွေးဖွားခဲ့သူ တဦးဖြစ်ကြောင်း ပြင်သစ် သတင်းစာ Nice Matin က ဆိုပါတယ်။
မနေ့က နိစ်မြို့မှာ မီးရှုးမီးပန်းများလွှတ်ကာ ပြင်သစ်အမျိုးသားနေ့ ကျင်းပနေတဲ့ လူအုပ်ထဲကို ထရပ်ကားတစီး အရှိန်ပြင်းပြင်း မောင်းနှင်လာပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကားမောင်းသူကို တော့ ပြင်သစ်ရဲက ပစ်သတ်လိုက်တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ ပီယာ ဟင်နရီ ဘရန်းဒက်က ပြောပါတယ်။
ထရပ်ကားထဲမှ လက်နက်ကြီးတွေနဲ့ လက်ပစ်ဗုံးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပြီး၊ ပြင်သစ် သတင်းစာ Le Figaro အဆိုအရ ကားမောင်သူဟာ လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့သေးတယ် လို့ သိရပါတယ်။
လတ်တလော မှာ တော့ တိုက်ခိုက်မှုကို တဦးထဲ ပြုလုပ် ခဲ့တာလား၊ အဖွဲ့နဲ့လုပ်တာလားဆိုတာကို စုံစမ်းစစ်ဆေး နေတယ်လို့ ဆိုပါတယ်။
IS အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သူတို့လက်ချက်လို့ ပြောဆိုခြင်းမရှိသေးပါဘူး။
ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လွန်းဒ် ကတော့ တိုက်ခိုက်မှုအပြီးမှာ အရေးပေါ် အစည်းအဝေးခေါ်ယူ လိုက်ပြီး၊ အရေးပေါ်အခြေအနေကိုလည်း ၃လထပ်တိုးဖို့ ပြောဆိုထားပါတယ်။