ဂျပန် ဆူဇူကီး ကုမ္ပဏီက မြန်မာနိုင်ငံတွင် ကားစက်ရုံ တည်ဆောက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး မြန်မာ့ ကားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကူညီသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆူဇူကီးမြန်မာ မော်တာ ကုမ္ပဏီ၏ ဘက်စုံသုံး ကားသစ်ဖြစ်သော Ertiga အမျိုးအစားကို မိတ်ဆက်သည့် အခမ်းအနားတွင် အနာဂတ် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ကုမ္ပဏီ၏ ဦးဆောင် ညွှန်ကြားရေးမှူး မစ္စတာ တာကာယူကီက ယင်းကဲ့သို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်း ကားစက်ရုံ အသစ် တည်ဆောက်ရန်အတွက် သီလဝါ အထူးစီးပွားရေး ဇုန်တွင် မြေ ဧက ၅၀ ခန့် ကို ဝယ်ယူထားပြီးဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန် မြန်မာ ဖက်စပ် ကုမ္ပဏီဖြစ်သော MJTD ကုမ္ပဏီက အကောင်အထည် ဖော်ကာ ဆောင်ရွက်လျှက်ရှိရာ နှစ်နိုင်ငံ အစိုးရများနှင့် ပုဂ္ဂလိက အဖွဲ့များက ရှယ်ယာပါဝင်ထားသည်။