အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့၏ ယနေ့ စတင် ကျင်းပမည့် အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ကြိုတင်ပြင်ဆင်မှု အတွက် ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အပစ်ရပ် ၈ ဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ သုံးရက်ကြာ မျက်နှာစုံညီ အစည်းအဝေးပြုလုပ် မည် ဖြစ်ပြီး လက်ရှိ အစိုးရသစ် လက်ထက် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အတွက် ဆွေးနွေး ပြင်ဆင်ကြမည်ဟု အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူ တဦးက ပြောပြသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ ကိစ္စနှင့် အပစ်ရပ် ၈ ဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်း ကြ မည်ဟုလည်း ဆိုသည်။
ထို့အပြင် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ဇူလိုင် ၂၆ ရက်နေ့မှ ၂၉ ရက်အထိ ကျင်းပမည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဆွေးနွေးကြမည့် အကြောင်းအရာများကိုလည်း ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း၊ မိုင်ဂျာယန် ဆွေးနွေးပွဲတွင် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ များ လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
အပစ်ရပ် ၈ ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရခိုင်အမျိုးသား လွတ်မြောက် ရေး ပါတီ (ALP)၊ ချင်း အမျိုးသားတပ်ဦး (CNF) ပါဝင်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA လက်မှတ် ထိုးခဲ့ကြခြင်း ဖြစ်သည်။