ကရင်တိုင်းရင်းသား နိုင်ငံရေး ပါတီ ၅ ပါတီ ပေါင်းစည်းရေး ၇ ကြိမ်မြောက် တွေ့ဆုံမှုတွင် အခြေခံ နိုင်ငံရေး မူဘောင် သဘောတူညီချက် ရရှိခဲ့ကြောင်း ကရင် အမျိုးသား ပါတီ (KNP ) အတွင်းရေးမှူ း (၁) မန်းမြင့်စိုးက ပြောသည်။
တပါတီတည်း ပေါင်းစည်းရေး ကော်မတီ၏ ၇ ကြိမ်မြောက် အစည်းအဝေးကို ဘားအံ့မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၆၊ ၁၇ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ပါတီ ၅ ပါတီကြား အဓိက အငြင်းပွားနေသည့် “ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော တိုင်းရင်းသားပြည်နယ်များနှင့် ဖွဲ့စည်းထားသည့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်” ဟူသည့် မူဝါဒအချက်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း မန်းမြင့်စိုးက ဆိုသည်။
“ အဲဒီအချက်ထဲက အမျိုးသား ပြည်နယ်လို့ ယခင် ရေးထားတဲ့ နေရာမှာ တိုင်းရင်းသား ပြည်နယ်လို့ ပြောင်းလဲတယ်။ ဒီတွေ့ဆုံပွဲကနေ အဲဒီအချက်ကို ပြင်ဆင်ဖို့ သဘောတူညီမှု ရခဲ့တယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ ကရင်နိုင်ငံရေး ပါတီနဲ့ KNU က တင်သွားတဲ့ သဘောထားက တသံတည်း ထွက်ရမယ်လို့ သဘောတူညီချက် ရခဲ့တယ်” ဟု မန်းမြင့်စိုးက ပြောသည်။
၇ ကြိမ်မြောက် အစည်းအဝေးပွဲကို ပါတီ တခုခြင်းစီမှ ကိုယ်စားလှယ် ခြောက်ဦးစီနှင့် စုစုပေါင်း ၃၀ ဦး၊ KNU ဘက်မှ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး စောအားထိုး၊ ဗဟိုကော်မတီဝင် စောရွှေမောင်းနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရင်ပါတီ ၅ ပါတီ ပေါင်းစည်းရေး ၈ ကြိမ်မြောက် အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၂၊ ၁၃ ရက်နေ့တွင် ကျင်းပရန် ရည်ရွယ်ထားပြီး ယင်းအစည်းအဝေးတွင် ပါတီဖွဲ့စည်းရေး၊ ပါတီအမည်၊ ပါတီတံဆိပ်၊ ပါတီ အလံ စသည့် အချက်များကို တပါတီချင်းဘက်မှ မူကြမ်းရေးဆွဲတင်ပြမည် ဖြစ်ကာ သဘောထား ဆုံးဖြတ်ချက် ရယူမည် ဖြစ်ကြောင်း မန်းမြင့်စိုးက ပြောကြားသည်။
တပါတီတည်းအဖြစ် ပေါင်းစည်းမည့် ကရင်ပါတီများမှာ ကရင်ပြည်သူ့ပါတီ (KPP)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ ကရင် အမျိုးသား ပါတီ (KNP)၊ ကရင် ဒီမိုကရက်တစ် ပါတီ (KDP)တို့ဖြစ် သည်။
ယင်းသို့ ပေါင်းစည်းရန် အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း ဒီဇင်ဘာလ အတွင်းက စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။