ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ညီလာခံကို မလုပ်စေချင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဇူလိုင် ၂၀ ရက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက “မိုင်ဂျာယန်ညီလာခံကို မလုပ်စေချင်တဲ့ အကြောင်း ကာကွယ်ရေး ဦးစီး ချုပ်က ပြောခဲ့တယ်။ ဒီကနေ နိုင်ငံရေးအမြတ်ထုတ်မှုတွေ၊ တောင်းဆိုမှုတွေရှိလာရင် အခက်အခဲ ဖြစ်မှာကို စိုးရိမ်တယ်။ နယ်မြေတည်ဆောက်မှုတွေ၊ အင်အားတည်ဆောက်မှုတွေ မရှိစေချင်တဲ့အကြောင်း ပြောခဲ့ တယ်။ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုကသာ အကောင်းဆုံးဖြစ်တယ် ဆိုတဲ့ အကြောင်း ပြောခဲ့တယ်” ဟု ပြောသည်။
တပ်မတော်၏ သဘောထားနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင် စောတာမူလာ က ညီလာခံ ကျင်းပခြင်းမှာ ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာဖြစ်ရေး အပေါ် အခြေခံထားပြီး အင်အား စုစည်းရန် မဟုတ်ကြောင်း၊ ညီလာခံလုပ်မည့် နယ်မြေသည် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေဖြစ်သဖြင့် အန္တရာယ်ရှိမည်ကို စိုးရိမ်သည့် အတွက် ပွင့်ပွင့်လင်းလင်း တင်ပြခြင်း ဖြစ်ကြောင်း၊ လက်မှတ်ထိုးရန် စည်းရုံးရေး မဟုတ်ဘဲ ဂုဏ်သိက္ခာရှိရှိ ညီလာခံတက်နိုင်ရေးကို ဖေးမကူညီပေးရန် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်ဟု ၎င်းကပြောသည်။
မိုင်ဂျာယန်တွင် ကျင်းပမည့် ညီလာခံကို ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားပြီး NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များလည်း တက်ရောက်မည်ဖြစ်သည်။
မိုင်ဂျာယန် အစည်းအဝေး ကျင်းပရေးကော်မတီ အနေဖြင့် မိုင်ဂျာယန် အစည်းအဝေးတွင် အစိုးရက ဖိတ်ခေါ်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖြစ်သည့် ၂၁ ရာစု ပင်လုံ အတွက် ကြိုတင် ညှိနှိုင်းဆွေးနွေး ရန်နှင့် အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံရပ်တည်ချက်ရယူရန် ဆွေးနွေး ကြမည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ တင်ပြထားသည်။
တပ်မတော်က မိုင်ဂျာယန်ညီလာခံကို မကျင်းပစေလိုသော်လည်း အစိုးရ၏ မူဝါဒ သဘောထားဖြစ်သည့်အတွက် ကန့်ကွက်ရန် မရှိကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ လမ်းခရီးစဉ်အတွက်လည်း တပ်မတော်ထိန်းချုပ်ရာ နယ်မြေလမ်းကြောင်းများကို အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။
ထို့ပြင် NCA တွင် ပါဝင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရေး ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။