အိန္ဒိယက T-72 တင့်ကားများ တရုတ်နယ်စပ်အနီးမှာ ချထား
This article has been converted from Zawgyi One to Unicode
အိန္ဒိယက မြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ Ladakh ဒေသမှာ ရုရှားလုပ် T-72 တင့်ကား ၁၀၀ခန့် ချထားလိုက်တယ်လို့ အိန္ဒိယ သတင်းဌာန NDTV ကဆိုပါတယ်။ ဒီဒေသဟာ တရုတ်နှင့် အိန္ဒိယ အကြား နယ်စပ်ပြဿနာ အငြင်းပွားနေတဲ့ကက်ရှ်မီးယားနှင့် တိဘက်အကြားမှာ တည်ရှိပါတယ်။
အမည်မဖော်လိုတဲ့အိန္ဒိယ စစ်ဘက်အရာရှိတဦးက “ ဒီဒေသဟာတောင်ပေါ်ဒေသဆိုပေမယ့် ကျယ် ပြန့်တဲ့ တောင်ကြားဒေသဖြစ်တာကြောင့် တင့်ကားတွေလှုပ်ရှားနိုင်တယ်၊ နယ်စပ်မှာတော့ နှစ်ဖက်လုံးက တပ်အင်အားကို တိုးချနေတယ်” လို့ NDTV ကိုပြောပါတယ်။
အိန္ဒိယတင့်ကားတပ်ရင်းက ဗိုလ်မှူးကြီး ဗီဂျေ ဒယ်လာက ရာသီဥတု အေးတဲ့ဒေသဖြစ်တာကြောင့် တင့်ကားတွေ အတွက် အသုံးပြုမယ့် အထူး ဒီဇယ်နဲ့ စက်ဆီ များ၊ အပိုပစ္စည်းများကိုလည်း ပို့ထား တယ်လို့ The Hindu သတင်းဌာန ကို ပြောပါတယ်။ ဒီဒေသမှာ
၂၀၁၄ခုနှစ်ကတည်းက အိန္ဒိယ တပ်ရင်း ၃ရင်း နေရာယူထား တာဖြစ်ပါ တယ်။
တရုတ်နဲ့ အိန္ဒိယဟာ ၁၉၆၂ ခုနှစ်မှာ နယ်စပ်ဒေသအငြင်းပွားရာကနေ တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း တရုတ်ဟာ အိန္ဒိယကို ဝိုင်းပတ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်စသည့် နိုင်ငံများနဲ့ စစ်ရေးအရ ဆက်သွယ်ဆောင်ရွက်နေသလို၊ တောင်တရုတ်ပင်လယ်မှာ လည်း စစ်ရေးတည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။
အိန္ဒိယကလည်း ၂၀၁၄ခုနှစ်ကတည်းက စတင်ကာ အမေရိကန်ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တွေ ပြုလုပ်လာပြီးတဲ့နောက်မှာ ယခုနှစ်မှာတော့ အမေရိကန်- ဂျပန်- အိန္ဒိယ ၃နိုင်ငံ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် မေလအတွင်းမှာပဲ အိန္ဒိယရေတပ် စစ်သင်္ဘော ၄စီးဟာ မလေးရှား ကလန်ရေတပ်စခန်း၊ ဗီယက်နမ် ကမ်းရန်ရေတပ် စခန်း၊ ဖိလစ်ပိုင် ဆူးဘစ်ရေတပ်စခန်း၊ ဂျပန် ဆာဆေဘို ရေတပ်စခန်း၊ တောင်ကိုရီးယား ဘူဆန် ရေတပ်စခန်း၊ ရုရှား ဗလာဒီဗော့စတော့ ရေတပ်စခန်းတို့ကိုသွားရောက်ကာ အနောက်မြောက်ပစ္စဖိတ်ဒေသနဲ့ တောင်တရုတ်ပင်လယ်မှာ ၂လခွဲအကြာ တာဝန်ထမ်းဆောင်ခဲ့ပါ သေးတယ်။
အိန္ဒိယတင့်ကားတွေ နယ်စပ်မှာ ချထားတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ စစ်ရေးအရ တုံပြန့်မှုတွေ မတွေ့ရသေးပေမယ့် အိန္ဒိယမှာ တရုတ်ရဲ့ Xiaomi စမတ်ဖုန်း ကုမ္ပဏီ၊ Lenovo ကွန်ပြူတာကုမ္ပဏီ အပါအဝင် တခြားသော ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ့်ကိစ္စကို ပြန်လည်စဉ်းစားသွားမယ်လို့ သတိပေးတုံ့ပြန်လိုက်ပါတယ်။