တောင်တရုတ်ပင်လယ်အရေးဟာ အာဆီယံရဲ့အဓိက အရေးပါတဲ့အခန်းကဏ္ဍနဲ့ ညီညွတ်ရေးအတွက် သွေးတိုးစမ်း မှုတခုဖြစ်နေပြီလို့ ဗီယက်နမ်နိုင်ငံက ကြေညာချက်တစောင် မနေ့ညက ထုတ် လိုက် ကြောင်း Bangkok Post သတင်းကဆိုပါတယ်။ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အာဆီယံဟာ ညီညွတ်ရေး ကို မြှင့်တင်သင့်တယ်လို့လည်း ပါရှိပါတယ်။
တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်က ရေပိုင်နက်အငြင်းပွားမှုမှာ အာဆီယံနိုင်ငံများ ဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့ဖြစ်ကြပြီး၊ ဒီအရေးနဲ့ ပတ်သက်ပြီး လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ ၄၉ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများတွေ့ဆုံပွဲမှာ မနေ့က သုံးကြိမ်အလွတ်သဘောဆွေးနွေးပေမယ့် ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံကို ဝေဖန်ခြင်းမပြုတာကြောင့် တောင်တရုတ်ပင်လယ်အရေးဟာ အာဆီယံနိုင်ငံတွေ အကြားမှာ မရေမရာ အခြေအနေဖြစ်နေပါတယ်။
ဒါကြောင့်လည်း ဒီကနေ့မနက်မှာ အသစ်တကြိမ် ထပ်မံတွေ့ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအကြားမှာ ကြေညာချက်တစောင် ထုတ်နိုင်မယ်လို့ မြင်ကြောင်း ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များကတော့ မဟာဗျူဟာကျတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်က ကျွန်းတွေတည်ဆောက်တာနဲ့ ပတ်သက်ပြီး ဖိအားပေးမှုတွေ ပြုလုပ်ချင်တယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ဆင်းရဲတဲ့ လာအိုနဲ့ ကမ္ဘောဒီယားလိုနိုင်ငံတွေကို ကုန်သွယ်ရေးနဲ့ အကူအညီပေးရေးဆိုတဲ့ ကတိပြုချက်နဲ့ ဒေသတွင်းညီညွတ်မှုကို ပျက်ပြားအောင်လုပ်နေတယ်လို့ စွပ်စွဲကြပါတယ်။