ဂျပန်အနေနဲ့ တောင်တရုတ်ပင်လယ်အရေးမှာ လက်ရှောင်ဖို့ တရုတ်က သတိပေးထားပေမယ့် ဂျပန်ရေတပ်မှ ရေငုပ်သင်္ဘောတစီးဟာ ဖိလစ်ပိုင်နိုင်ငံက ဆူးဗစ်ရေတပ်စခန်းကို အလည်အပတ် အနေနဲ့ သွားရောက်နေပါတယ်။ ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲ ၇ အရ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးက တရုတ်ရဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက်တောင်းဆိုမှုဟာ အခြေအမြစ်မရှိ၊ ပိုင်ဆိုင်တယ်ဆိုတာ သမိုင်းကြောင်းလည်း မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်က ဂျပန်နိုင်ငံကို တောင်တရုတ်ပင်လယ် အရေးမှ ဝင်မစွက်ဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
ဂျပန်ရေငုပ်သင်္ဘောရဲ့ ဖိလစ်ပိုင်ခရီးစဉ်မှာ ဖျက်သင်္ဘော ၂စီးလည်း လိုက်ပါစောင့်ရှောက် မှာဖြစ်ပြီး၊ တရုတ်ကတော့ ဂျပန်ရေငုပ်သင်္ဘော တောင်တရုတ်ပင်လယ်ကို သွားရောက်တာနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ ပြောကြားခြင်းမရှိသေးပါဘူး
အမေရိကန်ဟာ သူရဲ့ ပစ္စဖိတ်မဟာမိတ်တွေကို တောင်တရုတ်ပင်လယ်မှာ လှုပ်ရှားမှုတွေ ပိုမိုပြုလုပ် ပြီး တရုတ်ရဲ့ စစ်ရေးတိုးချဲ့လာတာကို ဟန့်တားဖို့ တွန်အားပေးလျှက်ရှိကြောင်းသိရပါတယ်။
အမေရိကန်ရေတပ် စစ်သင်္ဘောလည်း နယူးဇီလန်ကို သွားရောက်မယ်လို့ ဒီကနေ့မှာ နယူးဇီလန်သမ္မတ ဂျွန်ကီးနဲ့ အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒန်တို့က ကြေညာခဲ့ပြီး၊ ဒါဟာ နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ်သွားရောက်မှာဖြစ်ပါတယ်။