တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဖိလစ်ပိုင်အကြား ဆွေးနွေးမှု ပြုလုပ် ရာတွင် အမေရိကန်အနေဖြင့် ကူညီပေးရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အားပြောဆိုလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများအကြား တိုက်ရိုက် ဆွေးနွေးညှိနှိုင်းကာ နည်းမှန် လမ်းမှန် ဖြေရှင်း ရေးတရုတ်နှင့် အာဆီယံ အကြားသဘောတူညီချက် ရခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီအား ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
မကြာသေးမီက တောင်တရုတ်ပင်လယ် ရေပိုင်နက်နှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးက တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးဆုံးဖြတ်ခြင်းကို တရုတ်ကပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်က ခုံရုံးဆုံးဖြတ်ချက်ကို လိုက်နာဖို့ ပြောဆိုခဲ့သလို၊ တရုတ်ရဲ့ တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်း ချက်ကိုလည်း ပယ်ချခဲ့ပါတယ်။
ယနေ့ ထုတ်ပြန်တဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နဲ ဖိလစ်ပိုင်အကြား စကားပြောဆိုဆွေးနွေးမှု ပြုလုပ်ဖို့ အမေရိကန်က ကူညီရန်၊ တရုတ်နှင့် အာဆီယံအကြား ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် တို့ ပြောဆို တယ်လို့ ပါရှိတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ပါဖက်တို ယာဆေးကလည်း ဒီအငြင်းပွားမှုပြဿနာကြောင့်တော့ တရုတ်-ဖိလစ်ပိုင်- အမေရိကန်တို့အကြား တိုက်ခိုက်မှုဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ရင် အမေရိကန်ကို အမြဲတမ်းအပြစ်တင်လေ့ရှိ သလို၊ ဂျပန်ကိုလည်း ဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲလေ့ရှိပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဂျပန်အနေနဲ့ တောင်တရုတ်ပင်လယ်အရေးမှာ ကြားမဝင်ဖို့၊ စပတ်တလီကျွန်းစုများ အရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်တာကို ရှောင်ကျဉ်ဖို့ လည်း ဆိုလိုက် သလို၊ တရုတ်- ဂျပန်ဆက်ဆံရေးဟာ ကျေနပ်ဖွယ်ရာ အခြေအနေကို မရောက်လာသေးဘူးလို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါကို ပြောလိုက်ကြောင်းလည်း ဆိုပါတယ်။