အမျိုးသားသွေးဌာန မန္တလေးမြို့တွင်ဖွင့်လှစ်ရန် လိုအပ်နေဟုဆို
This article has been converted from Zawgyi One to Unicode

မန္တလေးမြို့ရှိ ဆေးရုံများတွင် သွေးလိုအပ်မှုရှိနေပြီး၊ သွေးလှူရှင်များနှင့် အသင်းအဖွဲ့များက လှူဒါန်းကြသည့် သွေးများကို သိုလှောင်သိမ်းဆည်း ဖြန့်ဝေပေးသည့် အမျိုးသားသွေးဌာန ဖွင့်လှစ်ရန် လိုအပ်နေကြောင်း မန္တလေးမြို့အခြေစိုက် သွေးအလှူရှင် အသင်းအဖွဲ့များက ပြောသည်။
ရန်ကုန်အမျိုးသားသွေးဌာနကဲ့သို့ သွေးလှူဒါန်းနိုင်မည့်ဌာနတခု မန္တလေးမြို့၌ ဖွင့်လှစ်ပေးမည်ဆိုပါက လိုအပ်သည့် သွေးအမျိုးအစားနှင့် သွေးပမာဏကို သွေးလှူရှင်များနှင့် သွေးအလှူရှင်အသင်းများက ကြိုတင်လှူဒါန်း ပေးနိုင်မည် ဖြစ်ကြောင်း သွေးအလှူရှင် အသင်းများက ပြောသည်။
မန္တလေးမြို့ မြတ်ပါရမီ သွေးလှူရှင်အသင်း တာဝန်ခံ ဆရာတော် ဦးသုမဏက “မန္တလေးမှာက ကလေးဆေးရုံက သွေးလိုတယ်ဆိုမှ ကလေးဆေးရုံကိုပြေးလှူ၊ ဆေးရုံကြီးက သွေးလိုတယ်ဆိုရင် ဆေးရုံကြီးကို သွားလှူနေရတယ်၊ အရေးပေါ်သွေး လိုအပ်လာမှ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားလှူနေရတော့ အခက်အခဲရှိနေတယ်”ဟု မိန့်ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလှူရှင်အသင်းပေါင်း တရာကျော်ရှိပြီး နေ့စဉ် သွေးလှူရှင်အသင်း ၃၀ ကျော်က သွေးလှူဒါန်းမှု ရှိနေကြောင်းနှင့် မန္တလေးမြို့ရှိ ဆေးရုံများ၏ သွေးလိုအပ်ချက် ၇၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ ကူညီ ပေးလျက်ရှိသည်ဟု အမျိုးသား သွေးလှူဘဏ် (မန္တလေး) တာဝန်ခံ ဆရာဝန် ဒေါက်တာ ခင်မြတ်မွန်က ပြောသည်။