ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခြင်း၊ သင်္ကြန်ကာလ ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခြင်း မပြုရန် ပိတ်ပင်ခြင်းအပါအဝင် စီးပွားရေးဆိုင်ရာ တားမြစ်ခြင်းများကို ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်က ဝေဖန်လိုက်သည်။
RFA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ဒေါက်တာဒေါ်သက်သက်ခိုင်က ယင်းသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လုပ်ဆောင်ချက်များကို အထက်ပါအတိုင်း ဝေဖန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အရေးကြီးတဲ့တခု ဘာလဲဆိုတော့ အဃာတ တရားကင်းစင်ရေးကို လက်ကိုင်ထားမယ် လို့ပြောတယ်၊ ဆိုတဲ့ အခါကျတော့ ကျမတို့က ဒီမိုကရေစီဆိုတဲ့ခေတ်ကြီးထဲမှာ ၅ နှစ်တစ်ခါကတော့ အပြောင်းအလဲဖြစ်နေမှာ၊ ၅ နှစ်တခါ အစိုးရအပြောင်းအလဲဖြစ်နိုင်တယ်။ အဲ့ဒါကို အရှေ့အစိုးရရဲ့ ကောင်းမွေ ဆိုးမွေ အနောက်အစိုးရက ခံရမှာပဲ၊ ယူရမှာပဲ” ဟု ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောသည်။
ရန်ကုန်တိုင်းအစိုးရက အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းထားမှုသည် အလုပ်အကိုင်အခွင့်အလမ်းကို ထိခိုက်စေကြောင်း၊ အထပ်မြင့်အဆောက်အုံများ ဆောက်လုပ်ခြင်း ရပ်ဆိုင်းထားမှုကြောင့် အလုပ်သမားများ အလုပ်ထိခိုက်ရသည်ဟု ဆိုသည်။
“၂၀၁၆ ခုနှစ် မေလ ၂၀ ရက်အတွင်းမှာ အထပ်မြင့် အဆောက်အအုံတွေဆောက်ထားတာတွေ အားလုံး ရပ်ထားပါဆိုပြီးတော့ ပြောလိုက်တယ်၊ ပြောလိုက်တာသည် အုပ်ချုပ်ရေး အာဏာလိုမျိုးပြောလိုက်တယ်၊ ရပ်လိုက်ကြရတယ်၊ ဆိုတဲ့အခါကျတော့ ဒီဟာတွေကို စီစစ်ဖို့ကြတော့ ကော်မတီဖွဲ့တယ်၊ ကော်မတီ ဖွဲ့တာကြတော့ ဇွန်လ ၁၇ ရက်နေ့မှဖွဲ့တယ်၊ ဆိုတဲ့အခါကျတော့ ဒီကြားထဲမှာဘာမှစီစစ်မယ့်သူမရှိဘဲနဲ့ ကြိုရပ်ထားရတယ်၊ ဆိုလိုတဲ့အခါကျတော့ ထိခိုက်တာက နေ့စားအလုပ်သမားတွေပေါ့၊ အဃာတတရား ကင်းစင်းရေးဆိုတာကို ကျမအခုအချိန်ကျမ ပိုနားလည်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဘာကြောင့် သူအဃာတတရားကင်းစင်ရေးကို သွားမယ်ဆိုတာကို အခုအချိန်မှ ပိုနားလည်တယ်၊ လူတွေက Emotion ဖြစ်ပြီးတော့ မကြိုက်တာကိုပြင်မယ် ဆိုတဲ့ဟာ ဆိုလိုတာက ပြင်ဖို့ရှိပါတယ်။ ကိုယ့်အလုပ်အတွက် လည်းပြည်သူက ကျမတို့ကို မဲပေးပြီးတော့ ရွေးချယ်ခဲ့တယ်၊ ဆိုလိုရှိရင် ပြင်ဖို့ပုံစံ နည်းလမ်းမှန်ဖို့လိုတယ်”ဟု ဒေါက်တာဒေါ်သက်သက်ခိုင်ကပြောသည်။
သင်္ကြန်ရေကစားမဏ္ဍပ် ကိစ္စတွင်လည်း ရန်ကုန်တိုင်းအစိုးရက ပိတ်ပင်ခဲ့မှုအပေါ် ဒေါက်တာဒေါ်သက်သက်ခိုင်က ထပ်မံ ဝေဖန်ပြောဆိုသည်။
“ဧပြီလ တုန်းက သင်္ကြန်ကိစ္စတည်းက ဖြစ်တာဖြစ်တယ်၊ သင်္ကြန်ဆိုတဲ့ကိစ္စက အခု Commercial မဏ္ဍပ် တွေထွက်ပြီ၊ ထွက်သည် ဒါက လူမှုရေးအရ တိုးတက်ပြောင်းလဲခြင်းပဲ၊ အခုကျမတို့က လက်မှတ်လေး ဝယ်လိုက်တာနဲ့ ကြိုက်တဲ့ မဏ္ဍပ်မှာ ခေါင်းခေါက်ဆော့လို့ရတယ် ဒါသည် ဘယ်သူမှ အတင်းကြီး ဓားမြ တိုက်ပြီး ရောင်းနေတာလည်းမဟုတ်ဘူး၊ မကျေမနပ်နဲ့ ဝယ်ပြီး ရေသွားပက်ရတာလည်းမဟုတ်ဘူး၊ ဝယ်လိုအား ရှိလို့ ရောင်းလိုအားရှိတာ ဒီဟာကိုလည်း အသိအမှတ်ပြုရမယ်၊ လုပ်ရမှာက ဘာလဲဆိုရင် နောက်နှစ်ဆိုလို့ရှိရင် ဒါက စီးပွားဖြစ်မဏ္ဍာန်ဆိုတဲ့အတွက်နောက်နှစ်ဆိုလို့ရှိရင် အခွန်စကောက်မယ်လို့ လုပ်ရမယ်” ဟု ဒေါက်တာဒေါ်သက်သက်ခိုင်က ရှင်းပြသည်။
အစိုးရ၏ လုပ်ငန်းတာဝန်သည် တိုင်းပြည်မှ ပြည်သူပြည်သားများ စီးပွားရှာခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး အခွန် အကောက် ကောက်ခံခြင်းဖြင့် တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
“အစိုးရဆိုတာ ကိုယ့်တိုင်းသူပြည်သားတွေ စီးပွားရှာနေတာကို သူက ကြည်ကြည်ဖြူဖြူနဲ့ ကြည့်ပြီးတော့မှ တိုင်းသူပြည်သားတွေစီးပွားရှာနိုင်လေလေ ငါတို့အခွန်ရလေလေဆိုတာကို သဘောထားရ မယ်၊ အဲ့ဒါ ကြောင့်မို့လို့ အောင်မြင်နေတဲ့ တိုင်းပြည်တွေရဲ့ အစိုးရရဲ့ သဘောထားက ဘာလဲဆိုတော့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေသည် ကိုယ့်ရဲ့အရင်းအနှီးနဲ့ စီးပွားရေးလုပ်ရတယ်၊ ရှုံးသွားလို့ရှိရင် သူ့အိတ်ထဲက ပိုက်ဆံနဲ့ သူအရှုံးခံ၊ မြတ်လို့ရှိရင် အစိုးရက အခွန်ရတယ်၊ အဲ့ဒါကြောင့်မို့လို့ အစိုးရသည် ကိုယ့်တိုင်းပြည် အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးမှာ Investment ပါသလိုပဲ ကိုယ့်ရဲ့စီးပွားရေး လို့ သဘောထားပြီး မြေတောင်မြှောက်ပေးရမယ်” ဟု ဒေါက်တာဒေါ်သက်သက်ခိုင်က ရှင်းပြသည်။