
ယခုဘဏ္ဍာနှစ် ဖြစ်သည့် ဧပြီလမှ ဇွန်လအတွင်း မန္တလေးတိုင်းရှိ အခွန်အမှတ်တံဆိပ် ပြေစာ ကပ်နှိပ်ပေးခြင်း မရှိသည့် စားသောက်ဆိုင်များ၊ ဟိုတယ်များကို အရေးယူဆောင်ရွက်ရာမှ ဒဏ်ငွေ ကျပ် ၇၉ သိန်းကျော် ရရှိခဲ့ကြောင်း မန္တလေးတိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက “စားသောက်ဆိုင်တွေက ပေးလိုက်တဲ့ ပြေစာတွေမှာ သတ်မှတ်ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းမကပ်ဘဲ ပေးနေတာတွေ့လို့ စစ်ဆေးအရေးယူ ဒဏ်ရိုက်နေတာပါ။ ပထမအကြိမ် ပျက်ကွက်မှုအတွက် ဒဏ်ငွေ ၂ သိန်း၊ ဒုတိယအကြိမ် ပျက်ကွက်ရင် ဒဏ်ငွေ ၅ သိန်း၊ တတိယအကြိမ် ပျက်ကွက်ရင် ဒဏ်ငွေ ၇ သိန်း၊ တတိယအကြိမ်ထက် ကျော်လွန်လာရင် ဒဏ်ငွေ ၁၀သိန်း သတ်မှတ် ထား တယ်”ဟု ပြောသည်။
ကုန်သွယ်လုပ်ငန်းခွန် ရရှိနိုင်စေရန်အတွက် မန္တလေးတိုင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း လုပ်ငန်းများကို ပြေစာ များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အရေးယူမှု ၂၈ ခု ရှိခဲ့ကြောင်း သိရသည်။