NLD အစိုးရသစ်က နိုင်ငံ၏ ရှေ့သွားမည့် စီးပွားရေးမူဝါဒအသစ်ကို ယခု ဇူလိုင် ၂၉ ရက်နေ့တွင် ထုတ်ပြန် လိုက်ပြီး သယံဇာတ အရင်းအမြစ်များ ရေရှည်ထိန်းသိမ်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် မျှတမှန်ကန်စွာ အသုံးချနိုင်မည့် မူဝါဒတခု အဖြစ် မျှော်မှန်းထားသည်ဟု ပါရှိသည်။
ယခုထွက်ရှိသော နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် အချက် ၁၂ ချက်ပါရှိပြီး ပွင့်လင်းမြင်သာသည့် ဘဏ္ဍာရေး စီမံမှု၊ နိုင်ငံသားတိုင်း စီးပွားရေး လုပ်ဆောင်ရာတွင် လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်၊ မူပိုင်ခွင့်နဲ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု စသည့်အချက်များ ပါရှိသည်ကို တွေ့ရသည်။
လုပ်ကိုင်ဖော်ဆောင်သွားနိုင်မည့် အလားအလာများနှင့် ပတ်သတ်သည့် အချက်များလည်း မူဝါဒ ၁၂ ချက်ထဲတွင် ပါဝင်ခဲ့သည်။
အဆိုပါအချက်များတွင် နိုင်ငံပိုင်လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် လုပ်ဆောင်သွားရန်၊ အလုပ်အကိုင် အခွင့်အလမ်း မြင့်မားသော စီးပွားရေးလုပ်ငန်းတွေကို ကာလတိုအတွင်း ပိုမိုဦးစားပေးသွားရန်၊ မျှတသော အခွန်စနစ်ကို ဖော်ဆောင်ရန်၊ အခြေခံအဆောက်အဦ မပြည့်စုံမှုကို အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် စသည့်အချက်များ ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ဒေသတွင်းသာ မကပဲ တခြားဒေသများရှိ တိုးတက်ပြောင်းလဲနေမှုကို လိုက်၍ အမျှော်မြင်ကောင်းများဖြင့် အခြေတည်သွားမည်ဟုလည်း ထည့်သွင်းထားသည်။