မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ ဆဋ္ဌမမြောက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ ဖြစ်မြောက်ရေးကော်မတီ (CCNEYC) ကို ဖျက်သိမ်းရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ညီလာခံမှ ထွက်ပေါ်လာမည့် လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်မည့် ကော်မတီ သတ်မှတ်ခြင်းနှင့် အတည်ပြုခြင်း၊ ထုတ်ပြန်ကြေညာချက် ရေးဆွဲရေးကော်မတီမှ တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ ဘဏ္ဍာရေးရှင်းတမ်း တင်ပြခြင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ဦးက ပြောသည်။
“စုဖွဲ့မှုသဏ္ဍာန် ဘယ်လိုလုပ်မလဲ၊ နာမည်၊ ဘယ်လိုလုပ်ငန်းစဉ်၊ ဘယ်နှနှစ် သတ်မှတ်မလဲ။ သတင်းထုတ်ပြန် ကြေညာချက် ဆက်လက် လုပ်ဆောင်မယ်။ လက်ရှိကော်မတီကို ဖျက်သိမ်းကြောင်းလည်း ကြေညာပါမယ်။ ဘဏ္ဍာရေးရှင်းတမ်းကိုလည်း တင်ပြသွားပါမယ်” ဟု ၎င်းက ပြောသည်။