အမေရိကန် နိုင်ငံသား ခံယူထားသူ ၈၈ မျိုးဆက်တဦးကို ပြည်တွင်း ပေးမဝင်
This article has been converted from Zawgyi One to Unicode
အမေရိကန်မှာ နေထိုင်သူ ၈၈ မျိုးဆက် ကျောင်းသားဟောင်း၊ လက်ရှိတွင် အင်္ဂလိပ်စာ သင်ကြားပေးသူ ဦးမောင်မောင်ဝမ်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ပြည်ဝင်ခွင့် မပေးကြောင်း ဦးမောင်မောင်ဝမ်းရဲ့ မိတ်ဆွေဖြစ်သူ ဦးထိန်လင်းက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်ခဲ့သူ ဦးမောင်မောင်ဝမ်းဟာ ဒီနေ့ မနက် ၁၀ နာရီခွဲမှာ တိုင်ပေ အဲယားလိုင်းကဆင့် ရန်ကုန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဦးမောင်မောင်ဝမ်းဟာ အခု အမေရိကန် နိုင်ငံသား ဖြစ်ပြီး အမေရိကန်ရှိ မြန်မာသံရုံးက ထုတ်ပေးလိုက်တဲ့ Business Visa နဲ့ လာရောက်တာ ဖြစ်ကြောင်း သွားရောက် ကြိုဆိုပြီး စောင့်ဆိုင်းနေသူ ဦးထိန်လင်းက ပြောပါတယ်။ ဦးမောင်မောင်ဝမ်း ဟာ ယမန်နှစ်က Social Visa နဲ့ လာရောက်တဲ့ ကာလအတွင်း အင်္ဂလိပ်စာ သင်ကြားပေးမှုနဲ့ ရက်လွန်နေထိုင်မှုကြောင့် ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။