စင်ကာပူက အမေရိကန်လုပ် F-35 တိုက်လေယာဉ်များ ၀ယ်ယူဖို့ စိတ်ဝင်စားနေတဲ့အပေါ် အမေရိကန်သမ္မတ အိုဘားမားက ကြိုဆိုလိုက်ပြီး၊ စင်ကာပူဟာ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ကိစ္စရပ်တွေမှာ အနီးကပ်ဆက်ဆံနေတဲ့ နိုင်ငံဖြစ်သလို၊ ဒေသဆိုင်ရာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုလည်း နှစ်နိုင်ငံအကြား ပေါင်းစည်းညီညွတ်စွာ လုပ်နေတဲ့ နိုင်ငံဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။
အမေရိကန်- စင်ကာပူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန် ကိုရောက်ရှိနေတဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံရာမှာ ထိုသို့ ပြောလိုက်ခြင်းဖြစ်ပြီး၊ စင်ကာပူရဲ့ ထောက်ခံမှုကြောင့် အာရှနိုင်ငံများနဲ့ ဆက်ဆံရေးမှာ အမေရိကန်အတွက် အဆင်ပြေချောမွေ့ခဲ့တယ်လို့လည်း ဆိုလိုက်ပြီး၊ ပစ္စဖိတ် သမုဒ္ဒရာအတွင်းက အမေရိကန်ပိုင် ဂူအမ်ကျွန်းမှာ စင်ကာပူ စစ်သည်တွေ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ လည်း နည်းလမ်းရှာ နေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
လော့ခ်ဟိမာတင် လေယာဉ်ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် F-35 တိုက်လေယာဉ်တွေကို အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ နယ်သာလန်၊ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ နော်ဝေ၊ တူရကီ၊ အစ္စရေး လေတပ်တို့မှာ အသုံးပြု နေပါတယ်။
စင်ကာပူဟာ စောစောပိုင်းက F-35 တိုက်လေယာဉ်တွေကို ၀ယ်ယူဖို့ စိတ်ဝင်စားပေမယ့်၊ လက်ရှိ စင်ကာပူ လေတပ်မှာ အသုံးပြုနေတဲ့ F-16 အမျိုးအစား လေယာဉ်တွေကိုသာ အဆင့်မြှင့်တင်ဖို့ ပြုလုပ်ခဲ့ရာက နောက်ပိုင်းမှာတော့ ပြေးလမ်းတိုမှာ အသုံးပြုဖို့ F-35 တိုက်လေယာဉ်အမျိုးအစား မျိုးကွဲတွေကို ၀ယ်ယူဖို့ စိတ်ဝင်စား နေတာလို့ သိရပြီး၊ စစ်ရေးအကဲခတ်တွေကတော့ တောင်တရုတ်ပင်လယ်မှာ တရုတ်တို့ စစ်အင်အားတိုးချဲ့လာ တာကို ထိန်းညှိဖို့ စင်ကာပူရဲ့ F-35 တိုက်လေယာဉ်တွေ ၀ယ်ယူမှုနဲ့ ချိန်ခွင်လျှာ ထိန်းညှိနိုင်တယ်လို့ ယူဆပါ တယ်။