ပြီးခဲ့သော တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီးက အစ္စလာမ်ကို အကြမ်းဖက်ဝါဒနှင့် ညီမျှခြင်းချ၍မရ ဟုပြောပြီး ဥရောပသည် လူငယ်များကို အစွန်းများ၏ လက်အတွင်းသို့ တွန်းပို့နေသည်ဟု သတိပေးလိုက်သည်။
“အစ္စလမ်ဟာ အကြမ်းဖက်ဝါဒမဟုတ်လို့ အဲဒီလိုပြောရင် မမှန်ဘူး၊ အစ္စလာမ်ကို အကြမ်းဖက်မှုနဲ့ ညီမျှခြင်း ချတာ မှန်တယ်လို့ မထင်ဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ပိုလန်မှ အပြန်ခရီး လေယာဉ်ပေါ်မှ သတင်းသမားများကို ပြောသည်။
အစ္စလာမ်မစ်နိုင်ငံတော် (IS) အဖွဲ့က ၎င်းတို့လုပ်ရပ်ဟု ကြေညာသော ဥရောပတွင် မကြာသေးမီက ဖြစ်ပွားသည့် တိုက်ခိုက်မှုများအနက် နောက်ဆုံးဖြစ်သော ပြင်သစ်မှ ခရစ်ယာန်ဘုန်းတော်ကြီးကို သတ်ဖြတ်မှုအား ရှုတ်ချရာတွင် အစ္စလာမ်အမည်ကို မသုံးရန် သူ၏ ဆုံးဖြတ်ချက်ကို ပုပ်ဖရန်စစ်က ကာကွယ်ပြောကြားခဲ့သည်။
“ဘာသာတရား အားလုံးနီးပါးမှာ အခြေခံဝါဒီအုပ်စုလေးတွေ ရှိကြတယ်။ ကျနော်တို့မှာလည်း ရှိတယ်” ဟု သူကပြောသည်။
“အစ္စလာမ်မစ် အကြမ်းဖက်မှုအကြောင်းပြောရင် ခရစ်ယာန် အကြမ်းဖက်မှုအကြောင်းလည်း ပြောဖို့လိုတယ်။ နေ့စဉ်သတင်းစာတွေမှာ အီတလီက အကြမ်းဖက်မှုတွေ ဖတ်ရတယ်။ တယောက်က သူ့ချစ်သူကို သတ်တယ်။ နောက်တယောက်က ယောက္ခမကို သတ်တယ်။ ဒီလူတွေဟာ နှစ်ခြင်းခံထားတဲ့ ကက်သလစ်တွေလေ” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။
ဘုရားကျောင်းစင်မြင့်တွင် လည်လှီးအသတ်ခံရသော ဘုန်းတော်ကြီး၏ ဈာပနအပြီး တနင်္ဂနွေနေ့က ပြင်သစ်တနိုင်ငံလုံးရှိ ဘုရားကျောင်းများတွင် ကျင်းပသည့် ဝမ်းနည်းကြေကွဲမှုနှင့် သွေးစည်းချစ်ကြည်မှု ပြသသည့် ကက်သလစ်စုဝေးပွဲများသို့ မွတ်ဆလင်များ တက်ရောက်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီးက ဤသို့ပြောကြားခြင်းဖြစ်သည်။
ပိုလန်တွင် ကျင်းပခဲ့သည့် ကက်သလစ်လူငယ်ပွဲတော် ၅ ရက်ကြာ ခရီးအတွင်း ပြောကြားချက်များကို ပဲ့တင်ထပ်ပြီး ပုပ်ရဟန်းမင်းကြီးက ဘာသာရေးသည် အကြမ်းဖက်မှုနောက်ကွယ်မှ မောင်းနှင်အားမဟုတ်ဟု ပြောသည်။
“ခင်ဗျားတို့ဟာ ဓားနဲ့ လူသတ်နိုင်သလို နှုတ်နဲ့လည်း လူသတ်နိုင်တယ်” ဟု ပုပ်ရဟန်းမင်းက လူမျိုးရေးနှင့် နိုင်ငံခြားသားမုန်တီးရေးကို မီးထိုးပေးနေသော လူကြိုက်များပါတီများ ခေါင်းထောင်ထလာခြင်းကို အတိအလင်း ရည်ညွှန်းပြောကြားသည်။
“မူးယစ်ဆေးစွဲအောင်၊ အရက်စွဲအောင်၊ အခြေခံဝါဒီတွေနဲ့ လက်တွဲအောင် ကျနော်တို့ ဥရောပလူငယ် ဘယ်လောက်များများကို စံနှုန်းမဲ့၊ အလုပ်လက်မဲ့ ဖြစ်အောင် ထားခဲ့ပြီးပြီလဲ” ဟု သူက မေးခွန်းထုတ်ခဲ့သည်။
ကိုးကား။ ။ AP and agencies