ဗီယက်နမ်က အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်က သူပိုင်ကျွန်းတွေမှာ အစ္စရေးလုပ် EXTRA အမျိုးအစားရွေ့ပြောင်းနိုင်တဲ့ ဒုံးပစ်လောင်ချာများကို ချထားကြောင်း၊ ယင်းဒုံးပစ်လောင်ချာတွေဟာ ဒေသတွင်းမှာရှိတဲ့ တရုတ်ရဲ့လေယာဉ်ပြေးလမ်း၊ စစ်ဘက်ဆိုင်ရာအဆောက်အဦးများနဲ့ ကုန်သွယ် ရေးလမ်းကြောင်းကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ ထောက်လှမ်းရေး သတင်းများကို ကိုးကားပြီး Reuters သတင်းကဆိုပါတယ်။
သံတမန်တွေနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့ အဆိုအရ ဒီဒုံးပစ်လောင်ချာတွေကို ပြီးခဲ့တဲ့လက စပတ်တလီကျွန်းတွေမှာရှိတဲ့ စစ်အခြေစိုက်စခန်း ၅ခုဆီကို ပို့ထားခြင်းဖြစ်ပြီး လေကြောင်း အကာ အကွယ်နဲ့ထားရှိကာ၊ လက်ရှိမှာတော့ ဒုံးကျည်တွေ တပ်ဆင်ထားခြင်းမရှိသေးပေမယ့်၊ ၂ရက် အတွင်း အသင့်ပစ်ခတ်နိုင်အောင် ပြုလုပ်နို်င်တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ငြင်းဆိုသွားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ဇွန်လအတွင်းက ဗီယက်နမ် လက်ထောက်ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ငုယင် ချီဗန်နဲ့ Reuters သတင်းဌာနတို့ တွေ့ဆုံရာမှာ အချုပ်အချာအာဏာအတွက် အချိန်မရွေး၊ နေရာမရွေး ကျနော်တို့ရဲ့ လက်နက်တွေကို ရွေ့ပြောင်းလို့ ရပါတယ်၊ ဒါဟာ တရားဝင်အခွင့်အရေးပါပဲ လို့ဆိုသွားပါတယ်။
ဒါဟာ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်မှာ စစ်ရေးတိုးချဲ့မှုကို တန်ပြန်လိုက်တာဖြစ်ပြီး၊ တရုတ်ရဲ့ လူလုပ်ကျွန်းပေါ်မှာ လေယာဉ်ပြေးလမ်း၊ ရေဒါများ တပ်ဆင်မှုနဲ့ အခြားစစ်ရေးတိုးချဲ့လာမှုကြောင့် ဗီယက်နမ် တောင်ပိုင်းနဲ့ ကျွန်းတွေမှာ ကာကွယ်ရေးတွေကို တိုးချဲ့ ပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။