၁ဝရက်ကျော်ကြာ ရေကြီးခဲ့သည့် ပဲခူးတိုင်းဒေသကြီးအတွင်း ရေမြုပ်ဧရိယာတချို့ရေပြန်ကျလာပြီဖြစ်သည့်အတွက် ရေဘေး ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ နေရပ်ပြန်နေကြပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
သြဂုတ်လ ၁၁ ရက်မှ စတင်ပြီး ရေသိသိသာသာ ကျဆင်းသွားပြီ ဖြစ်သည့်အတွက် ပြည်၊ ပန်းတောင်း၊ ရွှေတောင် စသည့် မြို့နယ်များတွင် ဖွင့်လှစ်ထားသည့် စခန်းများမှ ဒုက္ခသည်များသည် ၎င်းတို့ နေထိုင်ရာ နေရာဒေသများသို့ ပြန်နေကြပြီ ဖြစ်ကြောင်း တိုင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
“စခန်း တော်တော်များများက ဒုက္ခသည်တွေ ပြန်နေကြပါပြီ။ မနေ့ ညနေကစပြီး ထမင်းထုပ်ဝေတာ ရပ်လိုက်ပြီ။ မနေ့ ကတည်းက စပြီး သူတို့တွေ နေရပ်ကို ပြန်နေကြတယ်။ ဒီနေ့လည်း အသီးသီး ပြန်နေကြပြီ။ အဓိက ရေကြီးတဲ့နေရာ က နဝင်းရပ်ကွက်နဲ့ အောင်ဆန်းရပ်ကွက်ပါ။ အခုတော့ ရေကျသွားပါပြီ” ဟု ပြည်မြို့နယ် အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောသည်။
အလားတူ ပန်းတောင်းမြို့နယ်တွင်လည်း ရေများ ပြန်လည်ကျဆင်းနေပြီ ဖြစ်သောကြောင့် ဒုက္ခသည်စခန်းများမှ နေရပ်ပြန်နေခြင်းများ ရှိလာပြီ ဖြစ်ကြောင်း၊ နေရပ်ပြန်နေကြသည့် ဒုက္ခသည်များ၏ အဓိက စီးပွားရေး လုပ်ငန်းသည် စိုက်ပျိုးရေး ဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာတွင် စိုက်ပျိုးမျိုးစေ့များ ပေးအပ် ရန် လိုအပ်နေ ကြောင်း ပန်းတောင်းမြို့နယ် အမှတ်၂ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်က ပြောသည်။
ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ရွှေတောင်မြို့နယ်အတွင်းရှိ သောင်ပြင်ကုန်း၊ ကျားပြင်ကုန်း၊ ဆင် ကျွန်း၊ ယင်းမူကုန်း၊ ကျွန်းကလေး၊ ပဒေသာ၊ ရွှေဟင်္သာအုပ်စု၊ သာစည်ကုန်း၊ ထန်းလုံးချောင်း၊ သရက်သုံးပင် စသည့် ကျေးရွာ အုပ်စုများတွင် ရေများ ကျန်ရှိနေပြီး တချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းနေပြီ ဖြစ်သောကြောင့် ရေ ကျဆင်းသည့်နေရာများမှ ဒုက္ခသည်များ နေရပ်ကို ပြန်နေကြပြီဟု ဆိုသည်။
ယခုနှစ် ရေကြီးမှုဒဏ်ကို ပဲခူးတိုင်းတခုလုံး အနေနှင့် အိမ်ခြေ တသောင်းနှစ်ထောင်ကျော် လူဦးရေ လေးသောင်းခွဲကျော် ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေ ရာချထားရေး ဝန်ကြီးဌာန (နေပြည်တော်ရုံး) ၏ ထုတ်ပြန်ချက်အရ သိရသည်။