ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် တနိုင်းမြို့နယ် အတွင်း တပ်မတော်် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားသည်ဟု သတင်းရရှိသည်။
ဖားကန့်မြို့ရှိ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တန်ဆိုင်းက “တနာရီလောက် တိုက်ပွဲဖြစ်ပါတယ်။ နမ့်ယားနား နဲ့ တပ်မတော်စုကြားမှာ တကြိမ်။ နောက်တံတား ညီနောင်ဘက်မှာ တကြိမ် ဖြစ်ပါတယ်။ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် လောက်ကနေ ၁နာရီ ခွဲလောက်အထိ ဖြစ်တာပါ”ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာ ၂ ခု အနက် တခုဖြစ်သည့် နမ့်ယား မှာမြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ သွားရာတွင် ခရီး သည် များနှင့်ကားများ ထမင်းစားနားနေရာ ဂိတ်တခု ဖြစ်သည်။
ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရသည်မှာ KIA တပ်ရင်း၆ တပ်ဖွဲ့ဝင်များမှာ တပ်ကိစ္စများဖြင့်နမ့်ယား လမ်းမ အနီး ဖြတ်သွားရာတွင် တပ်မတော်နှင့်ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး တန်ဆိုင်းက ပြော သည်။
ထို့ပြင်တနိုင်းမြို့နယ်အတွင်းရှိ ခွန်ဆိုင်ဇွပ် ကျေးရွာအနီးတွင်လည်း တပ်မတော်နှင့် KIA တပ်ရင်း ၁၄ မှာ ယမန်နေ့ မနက် ပိုင်း မှ စ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ဒုဗိုလ်မှူးကြီး တန်ဆိုင်းက “တနိုင်းဘက်မှာက သူတို့က စစ်ဆင်ရေးအကြီးအကျယ်လုပ်နေတာ။ တပ်ရင်း ၁၄နဲ့ တပ် ရင်း ၆နဲ့က ကျောချင်းကပ်နေတော့ တပ်ရင်း ၁၄ ကို ထိုးစစ်ဆင်တယ်ဆိုရင် နယ်မြေချင်းက ဆက်နေတော့ တပ်ရင်း ၆ က ပါကို ပါလာတယ်”ဟုလည်း ပြောသည်။
ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း ၆ နှင့် တနိုင်းမြို့နယ်ရှိ KIA တပ်ရင်း၁၄တို့မှာ သြဂုတ်လ အစပိုင်းမှစ၍ တပ်မတော် နှင့် စစ်ရေးအခြေအနေ တင်းမာနေပြီး ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်းများ ရှိသည်ဟုလည်း သိရသည်။