ကျောက်စိမ်းစျေးကွက် ပြန်ကောင်းလာရေးအတွက် ကျောက်စိမ်းတူးဖော်ခြင်း ယာယီရပ်ဆိုင်းပေးရန်နှင့် ကျောက်စိမ်းများ တရားမဝင် ပြည်ပသို့တင်ပို့မှုများအား ပိတ်ပင်တားဆီးပေးရေး အချက် ၂ ချက်ပါ တောင်းဆိုချက်ကို ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူ ၂ သောင်းကျော်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါတောင်းဆိုချက် ၂ ချက်အား ဦးဆောင်တင်ပြသည့် အဖွဲ့ဝင်တဦးဖြစ်သူ ဦးကျော်ဇောအောင်က “ကျောက်စိမ်းစျေးကွက် ပျက်နေတာ နှစ်ချီနေပြီ၊ အစိုးရသစ်တက်လာတဲ့အခါ ဒါတွေကို ပြန်လုပ်ပေးသင့်တဲ့အကြောင်း High Light လုပ်ပြီး တင်ပြတာဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အထက်ပါ တောင်းဆိုချက်နှစ်ချက်ကို ကျောက်စိမ်းလုပ်ငန်း အဓိကလုပ်ကိုင်သည့် ဒေသသုံးခုဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူ ၂ သောင်းကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအစိုးရထံ ယနေ့တွင် တင်ပြတောင်းဆိုခြင်းဖြစ်ကြောင်း မန္တလေး မဟာအောင်မြေကျောက်ဝိုင်းမှ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ကြသူများက ပြောသည်။