တရားမဝင်ကုန်စည်စီးဆင်းမှုများကို ရေရှည်ထိန်းချုပ်နိုင်ရန် နိုင်ငံတကာ အကောက်ခွန် ကုန်သေတ္တာ ထိန်းချုပ်ရေး စနစ်အရ သွင်းကုန်/ထုတ်ကုန် ကုန်စည်များကို အလုံပိတ် ကုန်သေတ္တာယာဉ်(Box Truck) စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းမြင့်က အမျိုးသား လွှတ်တော်တွင် ယမန်နေ့ကပြောကြားလိုက်သည်။
မန္တလေးတိုင်း ဒေသ ကြီး မဲဆန္ဒနယ် အမှတ် ၂ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၏ “တရားမဝင် ကုန် သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ(Mobile Team) အဖွဲ့ ဖျက်သိမ်းပြီးနောက် နောက်ပိုင်းတွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ နေ၍ တရားမဝင် သွင်းကုန်များကို ပိုမို တင်သွင်းလာခြင်းနှင့် ပြည်တွင်းမှ အဖိုးတန်ထွက်ကုန်များကို ပိုမိုပို့ဆောင်နေကြခြင်းများအား တားဆီးထိန်းချုပ်အရေးယူရန် စီမံဆောင်ရွက်ထားခြင်း ရှိ/မရှိ” ကို မေးမြန်းမှုကို ၀န်ကြီးဦးသန်းမြင့်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယခင်က တရားမဝင် ကုန်စည် စီးဆင်းမှုများကို Mobile Team အဖွဲ့ဖြင့် ထိန်းချုပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက သမ္မတရုံးအမိန့်ဖြင့် Mobile Team အဖွဲ့များကို ဖျက်သိမ်းပြီးနောက် တရားမဝင် ကုန်စည်စီးဆင်းမှုများ ထိန်းချုပ်ရန် စိန်ခေါ်မှုများ ရှိလာခဲ့သည့်အတွက် တရားမဝင် ကုန်စည်များ ထိန်း ချုပ်ရေး ရေတိုလုပ်ငန်းစဉ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းကာ လမ်းကြောင်းနှင့် ဒေသများ သတ်မှတ်၍ အမြဲတန်း စစ်ဆေးရေး စခန်းများ ထားရှိ စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်စစ်ဆေး ဖမ်းဆီးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးက ပြောဆိုခဲ့သည်။