မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနှင့် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်က သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာံကို တက်ရောက်မည်ဟု ယနေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာလိုက်သည်။
အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကို အပြုသဘောဆောင်သည့် နိုင်ငံရေးပြောင်းလဲမှု ခြေလှမ်းတရပ်အနေဖြင့် ကြိုဆိုထောက်ခံကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ရန် အဆင်သင့်ရှိကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာ့တပ်မတော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အပြန်အလှန်ရပ်စဲပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးသည့်နည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိကြောင်း ပြောဆိုထားသည်။
ယင်း ၃ ဖွဲ့မှာ ပြီးခဲ့သည့် နှစ်က လက်မှတ်ရေးထိုးခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော အဖွဲ့များ ဖြစ်ပြီး တပ်မတော်က လက်နက်စွန့်ရန် ပြောကြားထားသည့် အဖွဲ့များလည်းဖြစ်သည်။