သတင်းတို

ထိုင်းဗုံးကွဲမှုများနှင့် ပတ်သက်၍ လူ ၁၅ဦးကို ဖမ်းဆီးတရားစွဲ

ထိုင်းနိုင်ငံတောင်ပိုင်းတွင်  ပြီးခဲ့သည့်တပတ်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် လူ ၁၅ ဦးကို မနက်ဖြန် တရားစွဲဆိုဖြစ်ကြောင်း Bangkok Post ကဆိုပါတယ်၊ ပြီးခဲ့တပတ် ကြာသာပတေးနေ့နှင့် သောကြာနေ့က ကမ္ဘာလှည့်ခရီးသွားအများ အသွားအလာများ သည့် အပန်း ဖြေကမ်းခြေများဖြစ်သည့် ဟွာဟင်၊ ဖူးခက် အပါအဝင် ခရိုင် ရခုမှာ ဗုံးများ ဆက်တိုက် ပေါက်ကွဲရာ အနည်းဆုံး လူ ၄ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ထိုင်းအာဏာသိမ်း စစ်ကောင်စီ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ (NCPO)မှ ဗိုလ်မှူးကြီး ဘူရင်ရဲ့ အဆိုအရ ဘန်ကောက် အခြေစိုက် အမှတ် ၁၁ စစ်နယ်မြေက မူလက လူ ၁၇ဦး ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ၂ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းဆိုပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ သတင်းပေးနိုင်သူကို ထိုင်းဘတ်ငွေ ၂သိန်း ပေးမည်ဟု ကြေညာခဲ့သလို၊ ဗုံးဖောက်ခွဲမှုများသည် ထိုင်းတောင်ပိုင်းမှ စစ်သွေးကြွများနှင့် ဆက်စပ် နေကြောင်းလည်း ပြောဆိုခဲ့သည်။

Loading