နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်တွင် ယနေ့ နံနက်ပိုင်းက အိန္ဒိယ တပ်မတော် နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
ဖြစ်ပွားခဲ့သည့် နေရာမှာ စစ်ကိုင်းတိုင်း ဒေသကြီး လဟယ်မြို့နယ် ရှိ ထွေလောရွာ အနီး အိန္ဒိယ-မြန်မာ နယ်စပ် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု NSCN-K ဆက်ဆံရေးရုံး တာဝန်ခံ ဦးကျော်ဝင်းဆွေက ဧရာဝတီကို ပြောသည်။
ဦးကျော်ဝင်းဆွေက အိန္ဒိယ တပ်ဖွဲ့များက နာဂနယ်မြေအတွင်းသို့ မနက် ၄ နာရီ ခန့်တွင် နယ်ကျော်ဝင် လာခြင်း ဖြစ်ပြီး နာဂ ဘက်ကလည်း တဖက်တပ်သားများ နယ်မြေအတွင်းသို့ ဝင်လာသဖြင့် အပြန်အလှန် ပစ်ခတ်ကာ မနက် ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
၎င်းက “တိုက်ပွဲက အကြီးအကျယ်တော့ မဟုတ်ပါဘူး။ မြန်မာပြည်ထဲကို ဝင်ပစ်တာ သူတို့က။ နယ်စပ် ကျော်တဲ့ သဘော ပေါ့ ။ သူတို့ လာပစ်တော့ ဒီဘက်က ခုခံမှာပါပဲ ။သူတို့ကိုတော့ သွားမတိုက်ပါဘူး။ အရင်ကလည်း ဒီလိုပဲ ကြိုကြား ကြိုကြား ဖြစ်ပါတယ်။ နယ်ကျော်လည်း တခါမှ သူတို့က အကြောင်းမကြားပါဘူး” ဟုလည်း ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ NSCN-K မှ အိန္ဒိယတပ်၏ နယ်မြေခံ တပ်ရင်းများကို ဆက်သွယ်ရာ NSCN-Kကို ပစ်ခတ်ခြင်း မဟုတ်ကြောင်း၊ အဖွဲ့မှား၍ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း၊ အိန္ဒိယတပ်ဖွဲ့ဝင်များ နာဂနယ်မြေထဲမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
တိုက်ပွဲအတွင်း NSCN-K ဘက်မှ ထိခိုက်မှု မရှိဟုလည်း ဆိုသည်။
NSCN-K မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်က အစိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည်။ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ လေရှီး၊ လဟယ် ၊ ခန္တီး ၊ နန်းယွန်းမြို့များနှင့် အိန္ဒိယ-မြန်မာ နယ်စပ် တွင် လှုပ်ရှားသည်။
သြဂုတ်လ ၃၁ ရက်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် NSCN-K တက်ရောက်ရန် အစိုးရက ဖိတ်ကြား ထားသည်။
သို့သော် NSCN-K က နိုင်ငံရေး မဆွေးနွေးလိုသေးကြောင်း၊ ဒေသဖွံံ့ဖြိုးရေးကို ဦးစွာ လုပ်ပေးစေလိုကြောင်း အစိုးရကို တောင်းဆိုထားသည်။