ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂျာထာကျေးရွာအနီး ယနေ့နေ့လယ်ပိုင်းက တပ်မတော်နှင့် ကချင််လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာသည် KIA လှုပ်ရှားတပ်ရင်း (၂၅၂) ရှေ့တန်းစစ်စခန်း တည်ရှိရာနေရာဖြစ်ပြီး၊ ပြီးခဲ့သည့် ၃ ရက်ကတည်းက တပ််မတော်နှင့် ပစ်ခတ်မှုစတင်ခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။
ယနေ့ နေ့လယ်ပိုင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားချိန်တွင် တပ်မတော်က KIA တပ်စခန်းရှိရာ နေရာများသို့ ရဟတ်ယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကို ပြောသည်။
“Gunship နဲ့ လာတယ်လို့ ကြားတယ်။ လောလောဆယ် ၂ စီးလို့ ကြားထားတယ်။ နေ့လယ် ၁၁ နာရီ ပတ်ဝန်းကျင်မှာ စဖြစ်တယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒုဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
NCA စာချုပ် သဘောတူလက်မှတ် ရေးထိုးထားခြင်းမရှိသည့် KIA အဖွဲ့သည် လာမည့် သြဂုတ်လ ၃၁ ရက် နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ၊ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိချိန်တွင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။
ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းကို မေးမြန်းရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောဆိုသည်။