မန္တလေးမြို့တော်စည်ပင် ကော်မတီဝင်အဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံရန် စာရင်းပေးသွင်းထားသူများအနက် ၂ ဦးအား ဥပဒေဖြင့် မကိုက်ညီသဖြင့် ပယ်ချခဲ့ပြီး၊ စုစုပေါင်း ၃၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
“မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၂ (ဃ)နဲ့ ငြိတဲ့အတွက် ပယ်လိုက်တာ ဖြစ်ပါတယ်” မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်တင်မိုးက ပြောသည်။
စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (ဃ) အရ မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်တခုတွင် ရွေးကောက်ပွဲမကျင်းပမီ တဆက်တည်း အနည်းဆုံး ၅ နှစ်နှင့် အထက် နေထိုင်လျက်ရှိသူ၊ မိမိကိုယ်တိုင် (သို့) မိမိ၏ ဇနီး၊ ခင်ပွန်း၊ မိရင်းဖရင်း တဦးဦး၏ တရားဝင်ပိုင်ဆိုင်သော မြေနှင့်အဆောက်အအုံ (တိုက်ခန်း၊ ကွန်ဒို) တွင် နေထိုင်လျက်ရှိသူ ဖြစ်ရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။
ပယ်ချခံရသည့် ကော်မတီဝင်လောင်းနှစ်ဦးမှာ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့မှ ၀င်ရောက် အရွေးခံမည့်သူများဖြစ်ပြီး နှစ်ဦးစလုံးသည် ကုန်သည်များဖြစ်ကြောင်း ကော်မရှင်၏ စာရင်းမှတ်တမ်းအရ သိရသည်။
မန်းမြို့တော်စည်ပင ်ကော်မတီဝင်ရွေးကောက်ပွဲကို အောက်တိုဘာလ တတိယပတ်တွင် ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်နယ်နိမိတ် ၆ မြို့နယ်အတွင်းမှ တမြို့နယ်လျှင်တဦးနှုန်းဖြင့် ရွေးချယ်သွားဖြစ်သည်။