နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ -MOI)
လာမည့် သြဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်၌ ကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် ၁၇ဖွဲ့က တက်ရောက်ရန် ဆုံးဖြတ်ထားကြောင်း၊ အဆိုပါ အဖွဲ့များမှာ ယခင်အစိုးရလက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက် ကိုင် ၈ဖွဲ့၊ NCA လက်မှတ်ထိုးမထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNFC) အဖွဲ့ဝင် ရ ဖွဲ့၊“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်- မိုင်းလားအဖွဲ့ (NDAA) တို့ဖြစ်သည်။
UNFC အဖွဲ့ဝင် ရဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP ) ၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) ၊ “ဝ”အမျိုးသား အစည်းအရုံး (WNO) နှင့် လားဟူအမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့မှာ ၂၁ရာစု ပင်လုံ ညီလာခံ ပထမအကြိမ် အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းသည်။
အစိုးရနှင့် နိုင်ငံရေးဆွေးနွေးခြင်းထက် လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေး ပြုလုပ်ပေးရန် တောင်းဆိုထား သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ်ပလန် ( NSCN-K) မှာမူ ၂၁ရာစုပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် အစိုးရပေးပို့သည့် ဖိတ်စာကို လက်ခံရရှိထားပြီဖြစ်သော်လည်း ၎င်းတို့ ဗဟိုကော် မတီအတွင်း ပြန်လည်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချမည်ဟု ဆက်ဆံရေးရုံး တာဝန်ခံ ဦးကျော်ဝင်းဆွေ ကဆိုသည်။
NCAထိုးထားသည့် ၈ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုး သားတပ်ဦး (CNF) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်သည်။
UWSA နှင့် NDAA တို့မှာမူ သြဂုတ်လ ၂၃ နှင့် ၂၄ ရက်တွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဌာ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန်နဲ့ တွေ့ဆုံစဉ်က ၂၁ရာစုပင်လုံ ညီလာခံကို ထောက်ခံကြောင်း ၊ တက်ရောက်မည် ဖြစ်ကြောင်း ပြောဆိုထားသည်ဟု NDAA မှ ပြောရေးဆိုုခွင့်ရှိသူ ဦးကြည်မြင့်က ဧရာဝတီကို ပြောဆိုထားသည်။
ကျန် ၃ဖွဲ့ဖြစ်သည့် မြောက်ပိုင်း အခြေစိုက် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့မှာ ၂၁ရာစုပင်လုံညီလာခံကို တတ်နိုင်ရန် အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်ပြီး အစိုးရကလည်း ယနေ့ အထိ ဖိတ်ကြားထားခြင်း မရှိသေးပေ။
ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်ပေးပို့သည်