သမ္မတ အိုဘားမားဟာ လာအိုနိုင်ငံကို ပထမဆုံးလာရောက်တဲ့ အမေရိကန်သမ္မတတဦးအဖြစ် ဒီကနေ့ ဗီယန်ကျင်းမြို့ကို ရောက်ရှိလာခဲ့ပါပြီ။
အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မနေ့ညက ဗီယန်ကျင်းမြို့ကို ရောက်ရှိလာတဲ့ သမ္မတအိုဘားမားရဲ့ ၃ရက်ကြာ သမိုင်းဝင်ခရီးစဉ်ဟာ အမှောင် ဖုံးခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ဖြစ်တယ်လို့လည်း သုံးသပ်သူများကဆိုပါတယ်။
လူဦးရေ ရသန်းခန့်သာရှိပြီး ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တဲ့ လာအိုနိုင်ငံအတွင်းက ကျေးရွာတွေကို ၁၉၆၀- ရ၀ ခုနှစ် အင်ဒိုချိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ်စစ်ကာလအတွင်း အမေရိကန်အနေနဲ့ ဗုံးမိုးရွာခဲ့ဖူးပါတယ်။
လာအိုအစိုးရ တွက်ချက်မှုအရ ၉နှစ်အတွင်းမှာ ဗုံးတန်ချိန် ၂သန်းကျော်ကို လေယာဉ်ပျံနဲ့ အခေါက်ရေ ၅သိန်း လာရောက်ကြဲချခဲ့ပြီး၊ ၈ မိနစ်မှာ ဗုံးတလုံးနှုန်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ မပေါက်ကွဲသေးတဲ့ တင်းနစ် ဘောလုံးအရွယ် ကလပ်စ်တာဗုံး ခန့်မှန်းခြေ သန်း ၈၀ခန့်ဟာလည်း ပြန့်ကျဲ ကျန်ရှိနေတဲ့ အတွက် လက်ရှိ အချိန်မှာ ထိခိုက်ဒဏ်ရာရမှုများ သေဆုံးမှုများ ရှိနေပါသေးတယ်။
ဒီ စစ်လက်ကျန်ဗုံးတွေကြောင့် လာအိုရဲ့ ခရီးသွားလာရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ ထိခိုက်နေရတာနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက ယခုခရီးစဉ်မှာ ၀န်ခံဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
သမ္မတအိုဘားမားဟာ လာအိုကို မလာမီ တရုတ်နိုင်ငံမှာကတည်းက အင်ဒိုချိုင်းနားစစ်ပွဲမှာ လာအို နဲ့ပတ်သက်ပြီး သူတို့လုပ်ခဲ့တဲ့ စစ်ရဲ့ ဆိုးကျိုးတွေကို ၀န်ခံပြောကြားကာ အဲဒီကနေတဆင့် ကောင်း တဲ့ဆက်ဆံရေးကို စတင်ဖို့ လုပ်ကိုင်မယ်လို့ ဆိုခဲ့ပါတယ်။
ဒါကြောင့် လာအိုအစိုးရအနေနဲ့လည်း အင်ဒိုချိုင်းနားစစ်ပွဲ လက်ကျန်ဗုံးရှင်းလင်းရေးနဲ့ ပတ်သက်ပြီး အကူအညီပေး အမေရိကန်အစိုးရထံက မျှော်လင့်နေသလို၊ စစ်အတွင်းပျောက်ဆုံးသွားတဲ့ အမေရိ ကန်စစ်သည်များ ရှာဖွေရေးမှာ လာအိုအစိုးရက အကူအညီပေးဖို့လည်း သမ္မတအိုဘားမားက မျှော်လင့်နေပါတယ်။
သမ္မတအိုဘားမားဟာ ပြီးခဲ့တဲ့ မေလအတွင်းက သွားရောက်ခဲ့တဲ့ ဗီယက်နမ်ခရီးစဉ်အတွင်းလည်း က အတိတ်ကဖြစ်ခဲ့တာတွေထက် အနာဂတ်ကိုသာ အာရုံထားဖို့ ပြောကြားခဲ့ဖူးပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာတော့ လာအိုနိုင်ငံဟာ အမေရိကန်၊ ဗီယက်နမ်စတဲ့နိုင်ငံတွေထက် တရုတ်နဲ့ ပိုမိုနီးစပ် တဲ့ အခြေအနေမှာရှိနေပါတယ်။