“Napalm Girl”အမည်ဖြင့် ပူလစ်ဇာဆုရခဲ့သည့် ဗီယက်နမ်စစ်ကာလ အမေရိကန်၏ နပမ်း ဗုံးကြောင့် ဒဏ်ရာရ ကာ ကိုယ်လုံးတီးဖြင့် ငိုယိုပြေးလွှားနေသော မိန်းကလေးငယ်တဦး ရဲ့ကမ္ဘာကျော်ဓာတ်ပုံကို Facebook မှ ဆင်ဆာဖြတ်တောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှု များဖြစ်ပေါ်နေပြီး၊အဆိုပါဖြစ်ရပ်ကို ရှင်းလင်းရန် Facebook တည်ထောင်သူ မာခ့်ဇူကာဘတ်ခ်အား တောင်းဆိုမှုများရှိနေပါတယ်။
၁၉၇၂ခုနှစ် ဇွန်လ ၈ရက်က ဗီယက်နမ်နိုင်ငံ အရှေ့တောင်ပိုင်း ထရန်ဘန်ဒေသမှာ အမေရိကန်ရဲ့ နပမ်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အသက်လုထွက်ပြေးနေစဉ် ကင်မရာရှေသို့ရောက်ရှိလာသည့် ၀တ်လစ် စလစ်ပြေးလွှားနေသော ၉နှစ်အရွယ် မိန်းကလေးငယ် Kim Phuc ကို AP သတင်းဌာန ဓာတ်ပုံ ဆရာ Nick Ut က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာ ဒီဓာတ်ပုံဟာ ပူလစ်ဇာဆု ရရှိခဲ့သလို၊ ကမ္ဘာတဝှမ်းကိုလည်းကိုင်လှုပ် နိုင်ကာ ဗီယက်နမ်စစ် အဆုံးသတ်ရေးကို ဦးတည်ခဲ့တယ်လို့ တချို့သောသူများက ဆိုပါတယ်။
ဒီပုံကို လွန်ခဲ့တဲ့ ၂ပတ် ခန့်က နော်ဝေသတင်းစာဆရာနှင့် စာရေးဆရာလည်းဖြစ်သူ တွမ် အက်လန်ဒ်မှ စစ်ပွဲ များရဲ့သမိုင်းကို ပြောင်းလဲစေတဲ့ ဓာတ်ပုံများ ခေါင်းစဉ်ဖြင့် သူ့ရဲ့ Facebook စာမျက်နှာမှာတင်ကာ ဆွေးနွေး ရန် ပြုလုပ်ခဲ့ရာ Facebook က ယင်းဓာတ်ပုံကို ဖယ်ရှားခဲ့သလို၊ တွမ် အက်လန်ဒ်ကိုလည်း အသုံးပြုခွင့် ရပ်ဆိုင်းခဲ့ပါတယ်။
ဒါကြောင့်လည်း နော်ဝေသတင်းစာ Aftenposten က ယင်းဖြစ်ရပ်ကို Lo and Behold အမည်ဖြင့် ဆောင်းပါး ရေးသားကာ ထိုဓာတ်ပုံကိုပင်အသုံးပြုပြီး Facebook မှာဖော်ပြခဲ့ရာ ထပ်မံ ဆင်ဆာဖြတ်တောက်ခြင်း ခံခဲ့ ရပါတယ်။
ဒါကြောင့်လည်း အဆိုပါ သတင်းစာကြီးရဲ မျက်နှာဖုံးမှာ ဆင်ဆာဖြတ်တောက်မှုနှင့် ပတ်သက်ပြီး Facebook စီအီးအို မာခ့်ဇူကာဘတ်ခ်ထံသို့ အိတ်ဖွင့်ပေးစာတစောင်ရေးသားကာ ဝေဖန်ရေးသားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Facebook ဟာ လူတွေကြားမှ သတင်းအချက်အလက်တွေအတွက် ကမ္ဘာ့ရဲ့ ဦးဆောင်နေရာမှာရှိလာနေ တာကြောင့် ဇူကာဘတ်ခ်ဟာ ကမ္ဘာ့မှာ ပါ၀ါအရှိဆုံး အယ်ဒီတာဖြစ်တဲ့အတွက် အဲဒီဂုဏ်ပုဒ်နဲ့ အညီနေထိုင်ဖို့ လည်း အဆိုပါ သတင်းစာကြီးရဲ့ အယ်ဒီတာချုပ်က ရေးသားခဲ့ပါတယ်။
ယခုနှစ်ဆန်း ဇန်နဝါရီလအတွင်းကလည်း ဒိန်းမတ်နိုင်ငံက အပေါ်ပိုင်းဗလာ ထုဆစ်ထားသည့် ကမ္ဘာကျော် ရေသူမရုပ်ထု ဓာတ်ပုံကိုလည်း Facebook က တင်ခွင့်မပေးပဲ ဆင်ဆာဖြတ်တောက်ခဲ့ပါတယ်။