ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငှက်ပျောတန်းလမ်းနှင့် ဆီဆိုင်လမ်းကြားထောင့်ရှိ စက်သုံးဆီ သိုလှောင်ရုံ၌ ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဆီသိုလှောင်ရုံ ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒဏ်ရာရရှိသူ ဆီဆိုင်လုပ်သား ဦးမောင်ငယ်သည် ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း မီးသတ်ဌာနက ပြောသည်။
မီးလောင်မှုအကြောင်းရင်းမှာ ရေနွေးအိုးတည်ရန် ပလပ်ထိုးရာမှ မီးစ ထွက်လာကာ အောက်ခြေရှိ ဆီထည့်နေသည့် ဓာတ်ဆီပုံးပေါ်သို့ ကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဆီသိုလှောင်ရုံ၊ ဆိုင်ကယ် ၂ စီးနှင့် စက်သုံးဆီများ၊ ရေနံချေးများ မီးလောင်ပျက်စီးခဲ့ပြီး တန်ဖိုးငွေအားဖြင့် ကျပ်သိန်း ၂၀ ကျော်ဖိုး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ ပုသိမ်မြို့နယ် မီးသတ်စခန်းနှင့် ငဝန်ကျွန်းသာ မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ မီးသတ်ယာဉ်၊ မနောဖြူ လူမှုကူညီရေး အသင်းမှ ရေသယ်ယာဉ်တို့ အပါအဝင် မီးသတ်ကား ၅ စီး၊ ရေသယ်ယာဉ် ၅ စီးဖြင့် ၀ိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ မနက် ၉ နာရီ ၃၀ မိနစ်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆီသိုလှောင်ရုံပိုင်ရှင် ဒေါ်ခင်မျိုးရီကို ပုသိမ်မြို့နယ်မြေစခန်းတွင် ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။