အပူပိုင်း တိုင်ဖွန်းမုန်တိုင်း Rai ဝင်ရောက်မှုကြောင့် မိုးကြီးကာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကွမ်နမ် ပြည်နယ်ရှိ Song Bung ရေအားလျှပ်စစ်စီမံကိန်းမှ ဥမင်လိုဏ်ခေါင်း တခု မနေ့ကပြိုကျသွားတဲ့ အတွက် ယင်းစီမံကိန်းမှ အလုပ်သမား ၂ဦးနှင့် ဒေသခံ ၁၄ဦးပျောက်ဆုံးနေကြောင်း ဗီယက်နမ် သတင်းများ က ဆိုပါတယ်။
အဆိုပါပြည်နယ်၏ ပြည်သူ့ကော်မတီ ဒုဥက္ကဋ္ဌ Huynh Khanh Toanက တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျံမှုများဖြစ်ကာ ဥမင်လိုဏ်ခေါင်းကျိုးသွားခြင်းဖြစ်ကြောင်း၊ ယင်းဥမင်တွင် အလုပ်သမား ၁၈ဦးအလုပ်လုပ်ကိုင်နေကြောင်းဆိုပါတယ်။
ပျောက်ဆုံးသွားတဲ့ အလုပ်သမား ၂ဦးနဲ့ ဒေသခံများကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါ တယ်။
အလားတူ Nam Giang ခရိုင်မှာလည်း အိမ် ၃လုံး ပျက်စီးသွားပြီး နေရာတော်တော်များလည်း ရေလွှမ်းမိုးခြင်းခံရတယ်လို့ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း Raiဟာ ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် လာအိုနိုင်ငံတို့ကို လည်း ဝင်ရောက်နိုင်တယ်လို့ သတိပေးမှုများ ပြုလုပ်ထားပါတယ်။