ဖိလစ်ပိုင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ပြင် ကူဘင်ကာ လေယာဉ် ကွင်းမှာ ပြုလုပ်နေတဲ့ ရုရှားလုပ် စစ်လက်နက်ပစ္စည်းများကိုပြသသည့် အပြည်ပြည်ဆိုင်ရာစစ်ဘက် နည်းပညာ ဖိုရမ် Army-2016 ကို ပထမဆုံးအကြိမ် လေ့လာရန်ရောက်ရှိနေကြောင်းသိရပါတယ်။
ဒီအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် စစ်လက်နက်ပစ္စည်းဌာနမှ အကြီး အကဲ ရေမွန်ဒို ဒီ ဗီလာ အယ်ဖန်တီ၊ ရေတပ် ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ရာဖေး ဂျီ မာရီယာနို၊ အမှတ် ၆ စစ် တိုင်းမှူး ဗိုလ်ချုပ်ကြီး ဘင်ဂျမင် အာမက်ရီဂျယ်၊ ရုရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ကားလိုစ် ဒီ ဆိုရီတာ နှင့် မော်စကိုမြို့ ဖိလစ်ပိုင်သံရုံး နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ခံတို့ ပါ၀င်ပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် စစ်လက်နက်ပစ္စည်းဌာနမှ အကြီး အကဲ ရေမွန်ဒို ဒီ ဗီလာ အယ်ဖန်တီဟာ ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီး အနာတိုလီ အန်တိုနော့ဗ်၊ ရုရှားဖက်ဒရေးရှင်း စစ်ဘက်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လက်ထောက်ညွှန်ကြားရေးမှူးတို့နှင့် တွေ့ဆုံကာ စစ်လက်နက်ပစ္စည်းနှင့်လုံခြုံရေးအပိုင်းတွင် ရုရှား- ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးကြောင်း သိရပါတယ်။
စက်တင်ဘာ ၆ရက်နေ့က စတင်ခဲ့တဲ့ “Army-2016” ပြပွဲမှာ နောက်ဆုံးပေါ် ရုရှားစစ်လက်ပစ္စည်းများ ကို ပြသခဲ့ပြီး၊ နိုင်ငံပေါင်း ၈၀မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။
ယခုအစီအစဉ်မှာ ကြည်းတပ်၊ ရေတပ်နှင့် လေတပ် သရုပ်ပြမှုများအပြင်၊ စစ်ဖက်ဆိုင်ရာ ထောက်ပံ ရေး၊ ရေဒီယို အီလက်ထရွန်နစ် စစ်ပွဲများနှင့် ရေဒီယိုလှိုင်းဖြင် ထောက်လှမ်းရေး၊ အမြောက်၊ တင့်ကား လက်နက်ကြီးများနှင့် ဓာတ်ရောင်ခြည်၊ ဓာတုလက်နက်နှင့် ဇီဝလက်နက် ကာကွယ်ရေးဆိုင်ရာ ပစ္စည်း များနှင့် စစ်ဖက်သုံး စက်ရုံများအပြင် တခြားသော လက်နက်ပစ္စည်းများကို ပြသထားပါတယ်။
စစ်လက်နက်ပစ္စည်းများနှင့် ပတ်သက်လျှင် အမေရိကန်နှင့် အနောက်နိုင်ငံများကိုသာ မှီခိုနေသည့် ဖိလစ်ပိုင် သည် ယခုအခါ စစ်တပ်အတွက် ရုရှားနှင့် တရုတ်စစ်လက်နက်ပစ္စည်းများကို ကြည့်ရှု့လေ့လာပြီး ၀ယ်ယူဖို့ မှာ မနေ့က ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားခဲ့ပါသေးတယ်။
ယခုအခါမှာတော့ မြန်မာအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ အရှေ့တောင်အာရှ နိုင်ငံ တော်တော်များများဟာ ရုရှားနဲ့ စစ်ရေး ဆက်ဆံမှုတွေ ပြုလုပ်နေကာ မိမိတို့ရဲ့ စစ်တပ်ကို ရုရှား လုပ်လက်နက်များ ၀ယ်ယူတတ်ဆင်နေကြပါတယ်။