“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် “UWSA” က နောက်တကြိမ်ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်၊ ပြီးခဲ့သည့် ညီလာခံတွင် UWSA အနေ ဖြင့် ညီလာခံမှ လှည့်ပြန်သွားသော်လည်း နောက်တကြိမ် ညီလာခံတွင် တက်ရောက်မည်ဖြစ်ကြောင်း ပြင်ပဆက်ဆံရေးကြီးမှူး ဦးကျောက်ကော်အန်း က ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နှင့် ပန်ဆန်းမြို့့၌ တွေ့ဆုံရာတွင် ပြောဆိုခြင်းဖြစ်သည်။
ဦးကျောက်ကော်အန်း က “ဒီတကြိမ် ပြီးသွားတဲ့ အစည်းအဝေးဆို တကယ့် ပြဿနာဖြေရှင်းရ ခက်တယ်။ နောက်တကြိမ် ကျတော့ ကျနော်တို့ ပါ၀င်ထောက်ခံမယ်” ဟု ပြောကြောင်း DVB သတင်းဌာနက ဖော်ပြထားသည်။
UWSA အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံကြောင်း၊ ပထမအကြိမ် ညီလာခံ၌ ကိုယ်စားလှယ် အနေဖြင့် မဟုတ်ပဲ လေ့လာသူအဖြစ်သာ ကဒ်ပြားများထုတ်ပေး ခြင်းမှာ လုပ်ငန်းချို့ယွင်းမှုကြောင့် မဟုတ်ပဲ၊ တမင်သက်သက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးကျောက်ကော်အန်းက ပြောဆိုသည်။
UWSA အဖွဲ့သည် ညီလာခံက လှည်ပြန်ခဲ့သော်လည်း တင်သွင်းမည့် စာတမ်း၌ နိုင်ငံတော်ဖွဲ့စည်းပုုံ စနစ်ဆိုင်ရာ၊ သမ္မတ တာဝန်ကို ထမ်းဆောင်သော အရည်အချင်းဆိုင်ရာပုဒ်မ ၊ လွှတ်တော်၏ လွှတ်ေ်တာ်အမတ်နေရာခွဲဝေမှု ဆိုင်ရာ၊ ပြည်ထောင်စု တပ်မတော်ကို ပြည်ထောင်စုအစိုးရ အုပ်ချုပ်မှု အောက်တွင် ထားရှိရေး၊ တိုင်းရင်းသား တန်းတူညီမျှရေးမူဝါဒဆိုင်ရာကိစ္စ၊ တိုင်းရင်းသားပြည်သူများ၏ ဥပဒေပြဌာန်းခွင့်၊ တိုင်းရင်းသား ပြည်နယ်များ၏ စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်ခွင့်၊ တိုင်းရင်းသား ပြည်နယ်များ၏ တရားစီရင်ပိုင်ခွင့်၊ ဘဏ္ဍာအခွန်နှင့် ငွေကြေးရေးရာ၊ တိုင်းရင်းသားပြည်နယ် သယံဇာတ ပိုင်ဆိုင်ခွင့်နှင့် တူးဖော် အသုံးချခွင့်၊ အိမ်နီးချင်းနိုင်ငံနှင့် နယ်မြေဆက်စပ်သည့် တိုင်းရင်းသားပြည်နယ်ဒေသ၏ ပြင်ပဆက်ဆံခွင့်ဆိုင်ရာ၊ အိမ်နီးချင်းနိုင်ငံနှင့် ဆက်စပ်သော တိုင်းရင်းသားပြည်နယ်၏ နယ်စပ်ရေးရာလုံခြံုရေး၊ လူနည်းစု တိုင်းရင်းသားတပ်မတော်၊ အိမ်နီးချင်းနိုင်ငံနှင့် ဆက်စပ်သည့် တိုင်းရင်းသားပြည်နယ်၏ ဓလေ့ထုံတမ်း၊ ကူးစက်ရောဂါ စစ်ဆေးကာကွယ်ထိန်းချုပ်ခြင်း စသည့် ကဏ္ဍများလည်း ပါ၀င်သည်။
ဧရာဝတီ သတင်းထောက် ကျော်ခရေးသားပေးပို့သည်။