အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ထိုးကြိတ်ရိုက်နှက်ကာ နေအိမ် အတွင်း သံကြိုးဖြင့် ချည်နှောင် ပိတ်လှောင်ပြီး ခိုးယူပေါင်းသင်းခဲ့သည့် ကျော်လင်းထွန်းကို မြောက်ဥက္ကလာပတရားရုံးတွင် ယနေ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း အမှုကို လိုက်ပါကူညီပေးနေသည့် အခရာအဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အသက် ၃၂ အရွယ်ရှိ ကျော်လင်းထွန်းဆိုသူက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ၁ လခန့် ခိုးယူပေါင်းသင်းကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ နေအိမ်အတွင်း သံကြိုးဖြင့်ချည်နှောင်ကာ သော့ခတ်ပိတ်လှောင်ကာ အမျိုးသမီးကို လက်သီးနှင့် ထိုးခြင်း၊ စတီးဓားဖြင့် ခြစ်ခြင်း၊ ကြက်မွေးလက်ကိုင်ရိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အိမ်နီးနားချင်းများက အမျိုးသမီးဘက်မှ မိခင်ကို အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။
“အမှုကို စပြီး တရားစွဲကတည်းက ကျမတို့ ကူညီခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ အမိန့်ချမှတ်မှုကို တရားလိုဘက်ကလဲ သိပ်မကျေနပ်ပါဘူး။ အမှုကိုကြည့်ရင် ပြစ်မှုနဲ့ ပြစ်ဒဏ် ချမှတ်မှုက နည်းတယ်လို့ ပြောလို့ရပါတယ်” ဟု အခရာအဖွဲ့မှ တာဝန်ရှိသူ မဝင်းဝင်းခိုင်က ဆိုသည်။
ထို့ကြောင့် နှိပ်စက်ခံရသည့် အမျိုးသမီး၏ မိခင်က တရားလိုပြုလုပ်ကာ ဝေဘာဂီရဲစခန်းသို့ တိုင်ကြားသဖြင့် မတရားချုပ်နှောင်ထားမှု ပုဒ်မ ၃၆၅၊ သာမာန်နာကျင်စေမှု ပုဒ်မ ၃၂၃ ဖြင့် စွဲချက်တင်ကာ ၂၀၁၅ ခုနှစ်၊ နို၀င်ဘာလ ၂၀ ရက်နေ့တွင် မြောက်ဥက္ကလာပ တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အမှု စတင်စစ်ဆေးခဲ့သည့်အချိန်မှ စတင်ပြီး ရုံးချိန်းပေါင်း ၃၀ ကျော် ခေါ်ယူခဲ့ပြီး ယနေ့တွင် ပြစ်မှု ကျူးလွန်သူ ကျော်လင်းထွန်းကို ပုဒ်မ ၃၆၅ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၆ လ ဖြင့် တပေါင်းထဲ ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
“ မြန်မာနိုင်ငံက ဥပဒေက ဥပဒေထဲမှာဘဲ ရှိတယ်။ လက်ခံကျင့်သုံးမှုက အားနည်းနေတယ်။ ပြစ်မှုထက် ပြစ်ဒဏ်က လျော့လျော့ပေါ့ပေါ့ ဖြစ်နေတော့ ကျူးလွန်သူတွေက ကျူးလွန်ဖို့ ၀န်မလေးဘူး ဖြစ်နေတယ်” ဟု အခရာအဖွဲ့မှ မဝင်းဝင်းခိုင်က ဆိုသည်။
အခရာအဖွဲ့သည် အမျိုးသမီးများ အခွင့်အရေးဆုံးရူံးနေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေအရ ထိရောက်သော အရေးယူမှုများ ဖြစ်ပေါ်လာရေးအတွက် အမျိုးသမီးများဘက်မှ လိုက်ပါကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။