ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက မွတ်ဆလင်ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး ရေရှည်ဖြေရှင်း ချက် တခုရှာဖွေဖို့ မြန်မာအစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်ကြောင်း Daily Star သတင်းကဆိုပါတယ်။
၇၁ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ဖို့ လာရောက်တဲ့ နိုင်ငံခေါင်းဆောင်များ သီးခြား ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာ အထူးအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက “ဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်ပြီး ရေရှည်ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံရဲ့အစိုးရသစ်နဲ့ ပူးပေါင်းပြီး ကျမတို့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စကားပြောပြီးပါပြီ”လို့ ဆိုကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်ပေါင်း ၃၀နီးပါးကြာ မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် ရွေ့ပြောင်းနေထိုင်သူ အရေအတွက် အများအပြားကို လက်ခံထားကြောင်း Sheikh Hasina က ပြောပါတယ်။
“ကျမတို့မှာရှိတဲ့ အင်အားနဲနဲလေးနဲ့ပဲ ဒီလူတွေအတွက် ဆက်ပြီးတော့ တာဝန်ယူခဲ့ပါတယ်။ ကျမတို့ ဒေသခံ လူ့အသိုင်းအဝိုင်းကလည်း ဒုက္ခသည်တွေနဲ့ ရွေ့ပြောင်းနေထိုင်သူတွေကို အကာအကွယ်ပေးဖို့နဲ့ အကူအညီ ပေးဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပါတယ်” လို့လည်း သူမက ဆိုပါတယ်။
ဒါအပြင် မြန်မာဒုက္ခသည်များအတွက် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စွမ်းရည်မြှင့်တင်မှုများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေထိုင်ရေး အဆင်ပြေစေရန်နှင့် မိမိကိုယ်ကို ရပ်တည်နိုင်ရန် အလေးပေးဆောင်ရွက်သွားမည့်အပြင် ဒုက္ခသည်များအတွက် သက်သေခံစာရွက်စာတမ်းများပါ ပြုလုပ်ပေးရန် စီစဉ်နေတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ့် ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီနာဟာ နို်င်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ ၁၉ရက်နေ့မှာ သီးခြားတွေ့ဆုံခဲ့ပြီး ဒုက္ခသည်များအရေးကို ဆွေးနွေးခဲ့ပါသေးတယ်။