သတင်းတို

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သစ်ကို ကျပ် ၅ ဘီလျံကျော်သုံး၍ တည်ဆောက်မည်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးကို ကျပ်ငွေ ၅ ဘီလီယံကျော် အသုံးပြု၍ အမြန်ဆုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

တိုင်းအစိုးရက လွှတ်တော်တည်ဆောက်ရန် ၅ဘီလျံမှ ၆ဘီလျံအကြား ကုန်ကျမည်ဟု ခန့်မှန်းထားပြီး

၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ငွေ ၂.၈ ဘီလီယံ သုံးစွဲခွင့် ရရှိထာသည်။

“လက်ရှိမှာ လွှတ်တော်တည်ဆောက်ဖို့အတွက် ဒီဇိုင်းတင်ဒါ ခေါ်ယူထားပါတယ်။ ဒီဇိုင်းတင်ဒါလျှောက်တဲ့ အဖွဲ့ ၃၅ ဖွဲ့ရှိပြီးတော့ အဲဒီအဖွဲ့အားလုံးကို လွှတ်တော်တည်ဆောက်မယ့်မြေနေရာကို ပြသထားပြီး ဖြစ်ပါတယ်။ တင်ဒါဒီဇိုင်းကိုတော့ ဗိသုကာပညာရှင်တွေပါတဲ့ အဖွဲ့နဲ့ စိစစ်ရွေးချယ်သွားမှာပါ”ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။

ယခင်ဝန်ကြီးချုုပ် ဦးသိန်းအောင်လက်ထက်တွင် ဧရာဝတီတိုင်းလွှတ်တော်ကို ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာ အနီးရှိ မြေ ၅၈ ဧကပေါ်၌ တည်ဆောက်သွားရန် သတ်မှတ်ခဲ့သော်လည်း မြို့နှင့်အလှမ်းဝေးလွန်းသည့်အတွက် ယင်းအစီအစဉ်အစား ပုသိမ်မြို့ ၀န်ကြီးများအိမ်ရာဝန်းအနီးတည်ဆောက်သွားရန် လွှတ်တော် တည်ဆောက် ရေး ကော်မတီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လွှတ်တော်အဆောက်အဦးသီးသန့် မရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ခန်းမတခုကို လွှတ်တော်အစည်းအဝေးခန်းမအဖြစ် အသုံးပြုကာ ၂၀၁၁ ခုနှစ်မှ လက်ရှိ အချိန်အထိ လွှတ်တော်အစည်းအဝေးများ ကျင်းပနေရသည်။

ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင်ပေးပို့သည်။

Loading